Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတ ပြောကြား

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ပါ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် သဘောတူညီချက် ပေးအပ်သည့် အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို လာမည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ပထမအပတ်တွင် စတင်နိုင်ရန် ဖိတ်ကြားမှုများကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ဒီဇင်ဘာ ၁၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ပါ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် သဘောတူညီချက် ပေးအပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို သဘောတူနိုင်ခဲ့ပြီ ဖြစ်သည့်အတွက် ကျန်ရှိနေသေးသည့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်း ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်း ၊ ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်ဆိုခြင်း ၊ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း အတည်ပြုချက် ရယူခြင်း ၊ ပြည်ထောင်စု သဘောတူ စာချုပ်ပါ သဘောတူညီချက် များကို အကောင်အထည် ဖော်ခြင်း ဆိုသည့် အဆင့်များကို အတူတကွ လက်တွဲကြိုးပမ်း လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း ၊ ပြည်ထောင်စု၏ အနာဂတ် အတွက် အလွန် အရေးပါသည့် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို ဝမ်းမြောက်စွာ လက်ခံ အတည်ပြုပါကြောင်း ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စတင်နိုင်ရန် လိုအပ်သည့် အမိန့်စာများ ၊ ကြေညာချက်များကို ထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် သဘောတူညီချက် ပေးအပ်သည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ထို့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဌ ၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက UPDJC လုပ်ငန်းဆောင်ရွက်မှုများ နှင့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ပတ်သက်သော်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖြစ်/မဖြစ် မပြောနိုင်သေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခမ်းအနား အပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအား ရှင်းလင်း ပြောကြားခဲ့သည်။

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အား ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) က အတည်ပြုပေးခဲ့ပြီးနောက် ရရှိလာသည့် မူချောကို နိုင်ငံတော်သမ္မတက ၂၀၁၆ ဇန်နဝါရီ ၁၅ မတိုင်မီ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ခေါ်ယူကျင်းပပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပ ပြုလုပ်သွားရမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်အား အစိုးရ ၊ လွှတ်တော် နှင့် တပ်မတော်တို့ပါဝင်သည့် အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ စသည့် ၁၆ ဦးစီပါဝင်သည့် အစုအဖွဲ့သုံးစုမှ ကိုယ်စားလှယ်များ ဆွေးနွေး သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ပါ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် သဘောတူညီချက်အား ပေးအပ်ခြင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတအပါအဝင် အစိုးရ၊တပ်မတော် နှင့် လွှတ်တော်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများမှ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) မှ တာဝန်ရှိသူ အသီးသီး တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.