Connect with us

Politics, Law & Military

ဝန်ကြီးဌာန နှစ်ခု ပူးပေါင်း ဖွဲ့စည်းရေး လွှတ်တော်က ဆွေးနွေးမည်

ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်

နေပြည်တော်၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ဝန်ကြီးဌာနများ ဖြစ်ကြသည့် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန တို့ကို ပူးပေါင်းကာ “စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန” အဖြစ် ပြင်ဆင်သတ်မှတ် ဖွဲ့စည်း ရေး ကိစ္စနှင့် စပ်လျဉ်းပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးသို့ တင်ပြလာခြင်းကို လွှတ်တော်က ဆွေးနွေးသွား မည် ဖြစ်သည်။

“ဈေးကွက် စီးပွားရေး စနစ်ကို ဦးတည်သော စက်မှု ကဏ္ဍဆိုင်ရာ မူဝါဒများ၊ ကြီးကြပ် ထိန်းကွပ်မှု များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် ဖွဲ့စည်းပုံ အသစ်တစ်ခုသို့ အသွင် ကူးပြောင်းဖို့ ရည်ရွယ်ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဒုတိယ ဝန်ကြီးက ရှင်းလင်း တင်ပြခဲ့သည်။

လက်ရှိ စက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံသည် ဦးစီးဌာန သုံးခုနှင့် လုပ်ငန်း လေးခုရှိပြီး ဦးစီးဌာန သုံးခု တွင် ဝန်ကြီးရုံး ၊ စက်မှုပူးပေါင်းရေး ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့ ဖြစ်ကြောင်း၊ လုပ်ငန်း လေးခုမှာ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ၊ အမှတ်(၂) အကြီးစား စက်မှု လုပ်ငန်း ၊  အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်းနှင့် မြန်မာ့စီးပွားလုပ်ငန်းတို့ဖြစ်ကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံသည် စီမံကြီးကြပ်လည်ပတ်နိုင် ရေး ကို အဓိက ဦးစားပေးထားခြင်း ဖြစ်ပြီး ဗဟိုက အုပ်ချုပ် သော စီးပွားရေးစနစ်အတွက် လိုအပ်သောအုပ်ချုပ်ရေးယန္တရား များနှင့် ဈေးကွက်စီးပွားရေး စနစ်ကို အကောင်ထည်ဖော်သည့် နေရာ ၌ အရေးပါသော လုပ်ငန်းစဉ်များကို ယခုဖွဲ့စည်းပုံတွင် ရောထွေးစွာ ဖွဲ့စည်းထားသည်ကို တွေ့ရှိရ ကြောင်း ၎င်းက ပြောသည်။

စက်မှုဝန်ကြီးဌာန လက်အောက် လက်ရှိအကောင်အထည်ဖော် ဆောင် ရွက်နေသောမြန်မာနိုင်ငံ စက်မှု လက်မှုလုပ်ငန်းများ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွင် အဓိက အားဖြင့် အပိုင်း နှစ်ပိုင်း ပါဝင်ပြီး (၁) စက်မှုဝန်ကြီးဌာနလက်အောက်ရှိပုံသေပိုင်ပစ္စည်း များ ကို ပုဂ္ဂလိကကဏ္ဍာသို့ မဟာဗျူဟာကျကျနှင့်စနစ်တကျလွှဲပြောင်းပေးရန်နှင့် (၂) မြန်မာနိုင်ငံ၏ စက်မှု လုပ်ငန်းများနှင့်စက်မှု SME အခန်းကဏ္ဍကို ထိရောက်စွာထိန်းကျောင်းမြှင့်တင်နိုင်စေရန်အတွက် မူဝါဒ များချမှတ်ခြင်း ကြီးကြပ်ထိန်းကျောင်းခြင်း လူသားအရင်းအမြစ်များ ပျိုးထောင်ခြင်း လုပ်ငန်းစဉ် များကို ထိရောက်စွာ ဆောင်ရွက်နိုင်သောဖွဲ့စည်းပုံကို အသွင်ကူးပြောင်းခြင်း တို့ ဖြစ်ကြောင်း ၎င်းက ရှင်းလင်း တင်ပြခဲ့ သည်။

စီမံ/ ဘဏ္ဍာ ဒုတိယ ဝန်ကြီး ဦးဆက်အောင် ရှင်းလင်း တင်ပြစဉ်။

၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း စက်မှုဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင်စက်ရုံများကို အစိုးရ နှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု PPP ပုံစံဖြင့် ပုဂ္ဂလိက သို့ လွှဲပြောင်းခဲ့သော စက်ရုံ ၅၅ ရုံရှိပြီး အဆိုပါ စက်ရုံများအနက် လုပ်ငန်းရပ်ဆိုင်းထားရသော စက်ရုံများ၊ စာချုပ်ဖျက်သိမ်းရန် တင်ပြထားသော စက်ရုံ များ ၊ စာချုုပ်အတိုင်း အကောင်အထည်မဖော်နိုင်သောစက်ရုံများ၊ ၊အရှုံးဖြင့် လည်ပတ်နေသော စက်ရုံများ၏ အရေအတွက်သည် အမြတ်ရရှိပြီး လုပ်ငန်းလည်ပတ်နေသော စက်ရုံ ထက် ပိုမို များပြားနေသည်ကို တွေ့ရကြောင်း ၊ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ တိုက်ရိုက်ကြီးကြပ်မှု လက် အောက်ရှိ နိုင်ငံပိုင် စက် ရုံ ၅၇ ရုံအနက် မြန်မာ့ ဆေးဝါး လုပ်ငန်း လက်အောက်ရှိ စက်ရုံ လေးရုံသာ အမြတ်ဖြင့် လုပ်ငန်းလည်ပတ်နေကြ ကြောင်း ၊ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်စက်ရုံ အလုပ်ရုံ ၁၁၂ ရုံ ကို မဟာဗျူဟာ ကျစွာဖြင့် စနစ်တကျလွှဲပြောင်း၍ လုပ်ငန်းစဉ်များကို စီမံကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း ၎င်းက ရှင်းပြသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပေါင်းစည်းခြင်းသည် ဈေးကွက်စီးပွားရေး စနစ်ကိုပိုမိုအကောင်အထည်ဖော်ဆောင်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သောဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အဆင့် (၃) ရည်မှန်းချက်ကို ရရှိနိုင်ရန်အတွက် စက်မှုဝန်ကြီးဌာန အောက်ရှိ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများကို မဟာဗျူဟာမြောက် ကူးပြောင်းရေးလုပ်ငန်းစဉ်က အလွန် အရေးကြီးကြောင်း၊ ဝန်ကြီးဌာန နှစ်ခုကို ပူးပေါင်းဖွဲ့စည်းခြင်းအားဖြင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ လုပ်ငန်းစဉ်များကို ပိုမို ထိရောက် မြန်ဆန်စေမည် ဖြစ်ကြောင်း၊ ထိုသို့ ပူးပေါင်းဖွဲ့စည်းခြင်းအားဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်သည့် နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ နှင့် ပိုမို နီးကပ်စွာ ချိတ်ဆက် ဆောင်ရွက်နိုင်မည့် နည်းတူ ဝန်ထမ်းများအတွက်လည်း ၎င်းတို့၏ ကျွမ်းကျင်မှုများ၊ သဘောဆန္ဒများနှင့် ကိုက်ညီသည့် တာဝန်များကို ဝန်ကြီးဌာန အသစ်တွင် ပိုမို လွယ်ကူစွာ ကူးပြောင်း ထမ်းဆောင်နိုင်မှာ ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ရှင်းလင်း တင်ပြခဲ့သည်။

ထိုသို့ဝန်ကြီးဌာန နှစ်ခု ပူးပေါင်းပြီး စီမံကန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းမှုအပေါ် လွှတ်တော်ကိုယ်စား လှယ်များ ဆွေးနွေးခြင်း အစီအစဉ်ကို နိုဝင်ဘာ ၂၀ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ရန်လျာထားကြောင်း ၊ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ရုံးသို့ နိုဝင်ဘာ ၁၉ ရက် နေ့ နောက်ဆုံးထား၍ အမည်စာရင်းပေးပို့ နိုင် ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာခဲ့သည်။(Xinhua)