Connect with us

Politics, Law & Military

ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် ကျန်းမာရေး ဝန်ကြီးဌာနများသတင်းစာရှင်းလင်းပွဲ ကျင်းပ

သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၇ ရက်(ဆင်ဟွာ)

နိုင်ငံတော် အစိုးရ၏ ပြည်သူ့ အတွက် တတိယ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့က ပြန်ကြားရေး ဝန်ကြီး ဌာနတွင် ယနေ့ ညနေပိုင်း၌ သတင်းစာရှင်းပွဲ ကျင်းပခဲ့ကြသည်။

ပြည်ထဲရေး ဝန်ကြီးဌာန ခေတ္တအမြဲတမ်း အတွင်းဝန်ဦးခိုင်ထွန်းဦးက “မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ရောင်းဝယ်ပြန့်နှံ့ မှုကို တားဆီးနှိမ်နင်းဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ စီမံချက် ၁၁ ကြိမ် ရေးဆွဲ ဆောင်ရွက်ခဲ့ရာမှာ သုံးနှစ်တာကာလအတွင်းအမှုပေါင်း ၂၃၈၃ မှုနဲ့ တရားခံ စုစုပေါင်း ၃၃၃၉ ဦး တို့ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ပြည်ထဲရေး ဝန်ကြီးဌာန ခေတ္တအမြဲတမ်း အတွင်းဝန်ဦးခိုင်ထွန်းဦး ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံသားများ ပြည်တွင်းပြည်ပတွင် လူကုန်ကူးခံရမှုများအား ထိရောက်စွာ ကာကွယ်တားဆီး ခဲ့ကြောင်း၊ အမှုဖွင့်အရေးယူမှု ၅၁၀ မှု ရှိပြီး တရားခံ ၁၄၅၈ ဦး ဖော်ထုတ် ဖမ်းဆီး အရေးယူနိုင်ခဲ့ကာ လူကုန်ကူးခံရသူ ၈၈၉ ဦးတို့အား ကယ်တင်နိုင်ခဲ့ကြောင်း၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီး ဌာန အနေ ဖြင့် စီးပွားရေး ပြစ်မှုများနှင့် ဝန်ထမ်း မသမာမှုများကို စုံစမ်း ဖော်ထုတ် အရေးယူခဲ့ရာ သုံးနှစ်တာ အတွင်း အမှုပေါင်း ၅၂၈ မှုတို့ကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ယင်းတို့အနက် စီးပွားရေး ဆိုင်ရာ ပြစ်မှု ၁၃၆ မှု၊ ဝန်ထမ်း မသမာမှု ၁၅၉ မှုတို့ကို စုံစမ်း စစ်ဆေး နိုင်ခဲ့ကြောင်း၊ ခေတ်အဆက် ဆက်က ပြဌာန်းထားသော ဥပဒေများကို ပြောင်းလဲလာသော ခေတ် စနစ်နှင့် လိုက်လျော ညီထွေရှိပြီး အစိုးရ၏မူဝါဒနှင့် ကိုက်ညီမှု ရှိမည့် ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်သည့် ဥပဒေ ဖြစ်စေ ရေး အတွက် လက်ရှိ စီမံ ခန့်ခွဲလျက်ရှိသော ဥပဒေ ၂၂ ခုတို့ရှိရာ ၎င်းတို့မှာ မူလအတိုင်း ထားရှိ မည့် ဥပဒေ ရှစ်ခု၊ ဖျက်သိမ်းပြီး အသစ်ရေးဆွဲခြင်း နှစ်ခု၊ ပြင်ဆင်ရေးဆွဲပြီး ဥပဒေ တစ်ခု၊ ဖျက်သိမ်း ရန် အသစ်ရေးဆွဲ ဥပဒေ ရှစ်ခု၊ ပြင်ဆင်ရေးဆွဲရန် ဆောင်ရွက်ဆဲ တစ်ခု၊ အသစ်ရေးဆွဲသည့် ဥပဒေ နှစ်ခုတို့ ဖြစ်ကြောင်း ၎င်းက ရှင်းလင်း တင်ပြခဲ့သည်။

ထို့အပြင် မှုခင်းကြိုတင် ကာကွယ်ရေး ဆိုင်ရာ မဟာဗျူဟာကို ရေးဆွဲခဲ့ပြီး အကောင်အထည်ဖော် လျက် ရှိကြောင်း၊ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို အမျိုးသားအဆင့် မဟာဗျူဟာ (မူကြမ်း) ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ရေးဆွဲဆောင်ရွက်ခဲ့ရာ အမျိုးသားအဆင့် မဟာဗျူဟာ (မူကြမ်း) အား ရေးဆွဲ ပြီးဖြစ်ကြောင်း၊ နိုင်ငံ ဖြတ်ကျော်မှုခင်းများ၊ သဘာ၀ ပတ်ဝန်း ကျင်ဆိုင်ရာ မှုခင်းများနှင့် လူမှောင်ခို ရွှေ့ပြောင်းသွားလာမှု မှုခင်းများနှင့် အခြားမှုခင်းများအတွက် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့၊ အာဆီယံ ရဲတပ်ဖွဲ့၊ ဥရောပ ရဲတပ်ဖွဲ့တို့အပြင် နိုင်ငံအလိုက် ရဲတပ်ဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်လျက် ရှိကြောင်း၊ သုံးနှစ်တာ အတွင်း မြန်မာ – ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ – တရုတ် နယ်စပ် ဆက်ဆံရေး နှစ်ရုံး အသစ် တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီး အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ် ဆက်ဆံရေးရုံး စုစုပေါင်း ၁၃ရုံး ဖွင့်လှစ်ကာ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက “တပ်မတော်သို့ ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေးကြောင်း စိစစ်တွေ့ရှိရတဲ့ စစ်သည် ၁၀၇ ဦးတို့ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်၊ ၂၀၁၈ သြဂုတ်လ ၃၁ ရက်နေ့မှာ ၇၅ ဦး၊ ၂၀၁၉ မတ်လ ၃၁ ရက်နေ့မှာ ၃၂ ဦး ဖြစ်ပါတယ်၊ တပ်မတော်သို့ ဝင်ရောက်ရာမှာ အသက်မပြည့်သေးသူတွေ မပါရှိရေးအတွက် အရိုးဓာတ်မှန် စနစ်ကို သုံးပြီး တပ်သားလောင်း ၁၆၃၆ ဦးကို စစ်ဆေးနိုင်ခဲ့တဲ့အတွက် တတိယ တစ်နှစ်တာ ကာလမှာတော့ တပ်သား မှားယွင်းစုဆောင်းခဲ့တဲ့ ဖြစ်စဉ်တွေ မရှိခဲ့ကြောင်း တွေ ့ရပါ တယ်” ဟု ပြောခဲ့သည်။

အကြောင်းအမျိုးမျိုးကြောင့် မှားယွင်း စုဆောင်းခံရသူများ စစ်မှုထမ်းဆောင်နေခြင်း လုံး၀ မရှိစေရေး ဖော်ထုတ်လျက် ရှိကြောင်း၊ မြန်မာ့ တပ်မတော်အား ကလေး စစ်သား အသုံးပြုသည့် စာရင်းမှ ပယ်ဖျက်ခွင့် ရရှိရေး မြန်မာနိုင်ငံ စောင်ကြည့်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့ (CTFMR) နှင့် အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်းလည်း အမြဲတမ်း အတွင်းဝန်က ရှင်းပြခဲ့သည်။

သဘာ၀ ဘေး အန္တရာယ်ကျရောက်စဉ် တပ်မတော်၏ ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ၎င်းက “တတိယ တစ်နှစ်တာအတွင်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကိုးခုတို့မှာ မီးလောင်မှုတွေဖြစ်ခဲ့လို့ သာသနိက အဆောက်အအုံတွေ လူနေအိမ်တွေ ပျက်စီး ဆုံးရှုံးခဲ့ပါတယ်၊ ဘုန်းကြီးကျောင်း လေး ကျောင်း၊ အိမ်ခြေ ၄၆ လုံး၊ အိမ်ထောင်စု ၂၁၄ စုတို့အတွက် တပ်မတော်က ပြုပြင်၊ ကယ်ဆယ် ထောက်ပံ့ခဲ့တာ ကျပ် ၄၉ သိန်းကျော်ဖို့ ရှိပါတယ်”ဟု ပြောခဲ့သည်။

ထို့အပြင် လေပြင်းတိုက်ခတ်မှုကြောင့် တတိယ တစ်နှစ်တာအတွင်း ပျက်စီး ဆုံးရှုံးခဲ့သည်များ အတွက် တပ်မတော်ကဘုန်းကြီးကျောင်း၁၈ကျောင်း၊ စာသင်ကျောင်း ၁၅ ကျောင်း၊ ဆေးရုံ တစ်ရုံ၊ အိမ်ခြေ ၅၉၈ လုံး၊ အိမ်ထောင်စု ၁၀၂၀ တို့အား ပြုပြင် ထောက်ပံ့ခဲ့ရာ ကျပ် ၄၅ သိန်းကျော်ဖိုး ရှိကြောင်း၊ တတိယ တစ်နှစ်တာအတွင်း ရေကြီးမှုကြောင့် ပျက်စီးမှုများအတွက် တပ်မတော်က စေတီ နှစ်ဆူ၊ ဘုန်းကြီးကျောင်း ၁၂ ကျောင်း၊ စာသင်ကျောင်း ၂၁ ကျောငး၊ အိမ်ခြေ ၉၁ လုံး၊ အိမ်ထောင်စု ၁၈၃၄၇ စုတို့အတွက် ပြုပြင်၊ ထောက်ပံ့မှု တန်ဖို့ ကျပ် ၁၁၅၀ သိန်းကျော်ရှိကြောင်း၊အလားတူ တပ်မတော် နယ်လှည့် ဆေးကုအဖွဲ့ကလည်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဆေးရုံရေယာဉ်များဖြင့်ကမ်းရိုးတန်းတစ်လျောက် ဆေးကုသမှု ငါးကြိမ် ဆောင်ရွက်ခဲ့ရာ လူနာ ၃၉၃၅၂ ဦးတို့ကို ကုသပေးနိုင်ခဲ့ကြောင်း၊ ရွေ့လျား ခွဲစိတ်၊ ဓာတ်ခွဲ၊ ဓာတ်မှန် နှင့် သွား ဆေးကုယာဉ်များဖြင့် တတိယ တစ်နှစ်တာအတွင်း နှစ်ကြိမ် လှည့်လည် ကုသပေးခဲ့ရာ လူနာ ၁၄၂၂၂ ဥိးတို့ကို ကုသပေးနိုင်ခဲ့ကြောင်းလည်း အမြဲတမ်း အတွင်းဝန်က ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက “ဆေးသုတေသန လုပ်ငန်းတွေ ဖွံ့ဖြိုးလာစေဖို့ နိုင်ငံတော် အစိုးရက နှစ်စဉ် ဘဏ္ဍာငွေ တိုးမြှင့် ခွင့်ပြုခဲ့ပါတယ်၊ ၂၀၁၆ -၁၇ မှာ ကျပ် ၁၆ ဒသမ ၅ သန်း၊ ၂၀၁၇ – ၁၈ မှာ ကျပ် သန်း တစ်ထောင်၊ ၂၀၁၈ – ၁၉ မှာ ကျပ်သန်း ၁၅၀၀ ခွင့်ပြုခဲ့တာပါ၊ ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ်အတွက် ကျပ် သန်း သုံးထောင်( သုံးဘီလျံ) အထိ တိုးမြှင့် ခွင့်ပြုပေးဖို့ လျာထားပါတယ်” ဟု ပြောကြားခဲ့သည်။

ဆေးသုတေသန ဦးစီးဌာနသည် ကူးစက်ရောဂါ သုတေသန ၁၅၂ ခု၊ မကူးစက်နိုင်သည့် ရောဂါ သုတေသန ၇၆ ခု၊ အာဟာရဆိုင်ရာ သုတေသန၁၅ ခု၊ ကျန်းမာရေးစနစ် သုတေသန ၄၉ ခု၊ သဘာ၀ ပတ်ဝန်းကျင်နှင့် ရာသီ ပြောင်းလဲမှုကြောင့် ဖြစ်သော ကျန်းမာရေး ထိခိုက်မှု ဆိုင်ရာ သုတေသန ၂၈ ခု၊ တိုင်းရင်းဆေး သုတေသန ၁၅ ခု၊ နည်းပညာ ဖွံ့ဖြိုးမှု ဆိုင်ရာ သုတေသန ကိုးခုတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကျန်းမာရေး ဆိုင်ရာ သုတေသန မှတ်ပုံတင်ခြင်း (MHRR:_ Myanmar Health Research Registry ) နှင့် ပတ်သက်သည့် website (www.mhrr-mohs.com) ကို ၂၀၁၈ ခုနှစ်တွင် လွှင့်တင်နိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ဆေးတက္ကသိုလ်များက MBBS အပါအဝင် ဘွဲ့လွန်၊ ဘွဲ့ကြို၊ ဒီပလိုမာနှင့် မဟာ သိပ္ပံ ပါရဂူ ဘွဲ့ ရရှိသူ စုစုပေါင်း ၆၇၂၂ ဦး မွေးထုတ်နှုင်ခဲ့ပြီး သုံးနှစ်တာ ကာလအတွင်း ၂၄၃၃၀ ဦး မွေးထုတ်နိုင်ခဲ့ကြောင်း၊ သင်ကြားမှု စနစ်ကို ကမ္ဘာ့ အဆင့်အတန်း မီရန်နှင့်ဆေးတက္ကသိုလ်များမှ ဘွဲ့ရများကို ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုရန်အတွက် ပေါင်းစပ် သင်ကြားမှု (Integrated Teaching) စနစ်ကို ၂၀၁၉ ဒီဇင်ဘာတွင် စတင် သင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း လည်း အမြဲတမ်း အတွင်းဝန်က ပြောခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၁၆ ခုတင်မှ ခုတင် ၂၀၀ ဆံ့ ဆေးရုံ စုစုပေါင်း ၁၁၄၄ ရုံ၊ ဆေးရုံ ခုတင်ပေါင်း ၅၅၂၆၆ ခု၊ ဒေသန္တရ/ မိခင်နှင့် ကလေး ကျန်းမာရေးဌာန ၄၄၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၁၈၄၉ ခု၊ ဌာနခွဲပေါင်း ၈၆၂၆ ခု၊ တိုင်းရင်း ဆေးရုံပေါင်း ၄၀ ရုံ၊ တိုင်းရင်း ဆေးခန်း ၂၁၀ ခန်း တို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117