Connect with us

Politics, Law & Military

ရေမြုပ်ဒေသ တောင်သူများအတွက် မျိုးစပါး အခမဲ့ဖြန့်ဖြူးမည်

စိုက်ပျိုးရေး မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြးီဌာနဒုတိယညွှန်ကြားရေးမှူးးချုပ် ဦးအေးကိုရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

ရေကြီးရေလျှံမှုကြောင့် ရေမြုပ်ဒေသ များတွင် ရေပြန်ကျသည့်အခါ စပါး ပြန်စိုက်ပျိုးနိုင်သည့် နေရာများရှိ တောင်သူတို့အတွက် မျိုးစပါးများ အခမဲ့ ဖြန့်ဖြူးပေးမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုက ယနေ့ သတင်းစာ ရှင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။

“ရေမြုပ်ဒေသတွေ မိုးစပါး ပြန်စိုက်နိုင်တဲ့အခါမှာ မျိုးစပါးတွေကို အခမဲ့ ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်” ဟု နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန တွင် ယနေ့ညနေပိုင်း ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာ၏ အမေးကို ဝန်ကြီးဌာန ကိုယ်စား ဖြေကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင်ပြည်ထောင်စု အစိုးရ အနေဖြင့် မျိုးစပါး ရရှိရေးဆောင်ရွက်သည့် နည်း နှစ်နည်းရှိရာ မျိုးစပါးများကို ယခင်ကပင် အပိုအလျှံ စုဆောင်း သိုလှောင် ထားသည့် တောင်သူအချို့ထံမှ ပြန်လည် ဝယ်ယူခြင်းနှင့် ရေပြန်ကျချိန်တွင် ၁၄ ရက် သက်တမ်းရှိ သက်ယဉ်မျိုးများကို ပျိုးထောင်သည့် စနစ်ကို အသုံးပြုခြင်း တို့ဖြစ်ပြီး ထိုနည်းများ ဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်ဟု၎င်းက ရှင်းပြသည်။

“လက်ရှိမှာ ပြည်ထောင်စု အစိုးရအဖွဲ့ ရန်ပုံငွေနဲ့ပြန်ဝယ်ထားတဲ့ မျိုးစပါးက တင်းပေါင်း ခုနစ်သောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေနဲ့ဝယ်ထားတာက တင်း ခြောက်သောင်းကျော်၊ စုစုပေါင်း တင်းပေါင်း တစ်သိန်း သုံးသောင်းကျော် ရရှိထားပါပြီ။ ပုဂ္ဂလိက အဖွဲ့အစည်းတွေဆီမှာလည်း အရန် မျိုးစပါးက တင်းပေါင်း သုံးသိန်းခွဲလောက်ရှိတော့အားလုံးတင်း ၄၈၀၀၀၀ (လေးသိန်း ရှစ်သောင်း) လောက် ၇ှိပါတယ်” ဟုလည်း၎င်းက ပြောခဲ့သည်။

မကြာမီက ရေကြီးရေလျှံမှုကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း လယ်ဧက တစ်သိန်း ခြောက်သောင်း ခန့်ရေနစ်မြုပ်ခဲ့ပြီး ရေပြန်ကျ၍ စပါးပြန်စိုက်ချိန်တွင် ပဲခူးတိုင်းဒေသကြီးအတွက် ပြည်ထောင်စုအစိုး ရအဖွဲ့ကမျိုးစပါးတင်းတစ်သောင်း၊တိုင်းဒေသကြီးအစိုးရ အဖွဲ့ကတင်းတစ်သောင်းအခမဲ့ဖြန့်ဖြူးပေး သွားမည်ဟု သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ကာလ၌ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ကဏ္ဍတွင် လုပ်ငန်း ၁၇ ခု၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကဏ္ဍတွင် ခုနစ်ခု၊ သမဝါယမ ကဏ္ဍတွင် လေးခု ဟူ၍ လုပ်ငန်း ၂၈ ခုတို့ကို ဆောင်ရွက်ခဲ့ရာ လုပ်ငန်း ၂၇ ခုတို့တွင် ရာနှုန်းပြည့် ပြီးစီးခဲ့သည်ဟု ထိုဝန်ကြီးဌာန၏ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးသက်နိုင်ထွန်းက ပြောသည်။

ထို့အပြင် သမဝါယမ ကဏ္ဍ၌ အသင်းသား တောင်သူများအား လုပ်ငန်းသုံး စက်များ ဝယ်ယူရန် ကျပ်သန်း ၃၄၇၁ ထုတ်ချေးပေးခြင်း အပါအဝင် ဆောင်ရွက်ရန် လုပ်ငန်း လေးခုတို့ကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့သည် ဆို၏။
ထို့အတူ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဖွံ့ဖြိုးရေး ကဏ္ဍများရှိ ဆောင်ရွက်ရန် လုပ်ငန်း ခုနစ်ခုကိုလည်းကောင်း၊ ငါးသားပေါက် ကောင်ရေ ထုတ်လုပ်ခြင်းနှင့် ငါးမွေး တောင်သူ ပညာပေးလုပ်ငန်းများကို လည်းကောင်း ရက် ၁၀၀ အတွင်း ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။ (Xinhua)