Connect with us

Politics, Law & Military

မိဘမဲ့နှင့် စွန့်ပစ်ခံ ရင်ခွင်မဲ့ ကလေးငယ်များ စောင့်ရှောက်ရေး တိုးချဲ့ ဆောင်ရွက်မည်ဟု ဆို

ပြည်သူ့ လွှတ်တော် ဥက္ကဌ အစည်းအဝေး ခန်းမအတွင်း ကြွရောက်လာစဉ်။ (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

မိဘမဲ့ နှင့် စွန့်ပစ်ခံ ရင်ခွင်မဲ့ ကလေးငယ်များအတွက် စနစ်တကျ ပြုစု စောင့်ရှောက်ရေး၊ ကလေး သူငယ်များ ပညာ သင်ကြားမှုနှင့် ဘ၀ ရပ်တည်ရေးတို့အတွက် ကလေးသူငယ် ပြုစု စောင့်ရှောက် ရေး ဂေဟာများကို တိုးချဲ ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

 “စောင့်ရှောက်ရေး ဂေဟာတွေ ဆက်လက် ဆောင်ရွက်ဖို့က နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ ခွင့်ပြုချက် အပေါ် မူတည်ပြီး ဆောင်ရွက်ပေးနေသလို သက်ဆိုင်ရာ အလှူရှင်များရဲ့ ကူညီ ပံ့ပိုးမှုများဖြင့်လည်း ဖွင့်လှစ်ပေးလျက် ရှိပါတယ်၊ အခုဆိုရင် ကျွန်တော်တို့နေပြည်တော် ကောင်စီ နယ်မြေမှာ မြန်မာနိုင်ငံ ရင်ခွင်မဲ့ ကလေးငယ်များ ပြုစု စောင့်ရှောက်ရေးနှင့် ကာကွယ် စောင့်ရှောက် ရေး အသင်းအနေနဲ့ ကျွန်တော်တို့လှူဒါန်းထားတဲ့ အဆောက်အအုံ ရှိပါတယ်၊ မကြာခင် သုံး လေးလ အတွင်း ပြီးစီးတော့ မှာ ဖြစ်ပါတယ်၊ အဲဒီမှာ မိဘမဲ့ ကလေးများ၊ စွန့်ပစ်ခံ ကလေးများကို ပြုစု စောင့်ရှောက်ပြီး တိုးချဲ ့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို၏ အမေးကို ဖြေကြား ရာတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ ဆေးရုံများတွင် စွန့်ပစ်ခဲ့သော ကလေးငယ်များကို လိုအပ်သော ဆေးကုသမှု၊ ကာကွယ်ဆေး ထိုးနှံမှုများ၊ အာဟာရပိုင်း တည်ဆောက်ခြင်း ဆိုင်ရာများ၊ ထောက်ပံ့ငွေ ပံ့ပိုး ပေးပြီၤး အခြား လိုအပ် သော လူမှုရေး ဆိုင်ရာများ ဆက်လက် ဆောင်ရွက်နိုင်ရန် ဆေး လူမှု ဆက်ဆံရေး ဝန်ထမ်းများက မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့၊ လူမှု ဝန်ထမ်း ဦးစီးဌာနနှင့် အခြား လူမှုရေး အသင်းအဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်ခဲ့ရာ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကလေးငယ် ၂၅၂ ဦး (ကျား ၁၁၆ ဦး၊ မ ၁၃၆ဦး)တို့ကို လူမှု ဝန်ထမ်း ဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ရင်ခွင်မဲ့ ကလေးငယ်များအား မွေးစားခြင်းနှင့် စပ်လျဉ်းပြီး မွေးစားမည့်သူ၏ အိမ်ထောင်စု လူဦးရေ စာရင်းတွင် ထည့်သွင်းနိုင်ရေးနှင့် အရွယ်ရောက်သည့်အခါ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင် တစ်မျိုး မျိုး ထုတ်ပေးနိုင်ရေးကို သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ၂၀၁၉ ခုနှစ် အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူမှု ဝန်ထမ်း ဦးစီးဌာနလက်အောက်ရှိ မိဘမဲ့ ကလေး စောင့်ရှောက်ရေး သင်တန်းကျောင်းများ၊ တရားဝင် အသိအမှတ်ပြုထားသော ပရဟိတ ဘုန်းတော် ကြီးသင် ပညာရေး ကျောင်းများ၊ တရားဝင် မှတ်ပုံတင်ထားသော မိဘမဲ့ ဂေဟာ များမှ ကလေးသူငယ် များအား အိမ်ထောင်စု ၁၆၀ စု၊ လူဦးရေ ၁၇၉၇ ဦးတို့အား အိမ်ထောင်စု လူဦးရေ စာရင်း ထုတ်ပေး နိုင်ခဲ့ပြီး အသက် ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ၃၆၃၈ ဦး၊ သက် ၁၈ နှစ်ပြည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ၈၈ ဦး၊ စုစုပေါင်း ၃၇၂၆ ဦးကို နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးခဲ့ ကြောင်းလည်း ၎င်းက ပြောခဲ့သည်။ 

ကလေးသူငယ်များ စောင့်ရှောက်ရေး ဂေဟာကို အကြောင်းပြပြီး ကလေးသူငယ်များ အပေါ် အမြတ် ထုတ်နေမှု၊ မမှန်မကန် ဆောင်ရွက်များနှင့် ပတ်သက်ပြီး ပြစ်မှု ကျူးလွန်ကြောင်း သတင်းပေး တိုင်ကြား လာပါက ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာ လူမှု ဝန်ထမ်း ဦးစီးဌာနနှင့် ပူးပေါင်းပြီး တည်ဆဲ ဥပဒေများနှင့် အညီ ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ ကွပ်ကဲမှုအောက်တွင် ကလေး သူငယ် ကာကွယ် စောင့်ရှောက်ရေး တပ်ဖွဲ့ တပ်ဖွဲ့စု သုံးစုကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး တို့တွင် ဖွင့်လှစ်ထားရှိပြီး တပ်ဖွဲ့စိပ် ကိုးစိပ်အား နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ မုံရွာ၊ စစ်တွေ၊ ပုသိမ်၊ ပဲခူး၊ မြစ်ကြီးနား မြို့တို့တွင် ထပ်မံ ဖွင့်လှစ်၍ လူကုန်ကူးခံရသော ကလေး သူငယ် များအား ကာကွယ် စောင့်ရှောက်ရန်နှင့် ကလေးသူငယ်များ လူကုန်ကူးခြင်း မခံရစေရန် အသိပညာ ပေးရေးနှင့် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ လူမှု ဝန်ထမ်း ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်းလည်း ဒုတိယ ဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.