Connect with us

Politics, Law & Military

အရှိန်အဟုန်မြင့်တိုးတက်နေသည့် တရုတ်-မြန်မာဆက်ဆံရေးအပေါ် “မစားရသည့်အမဲ သဲနှင့်ပက်” ဟူသည့် အမေရိကန်၏ စိတ်ဓာတ် ထင်ဟပ်နေကြောင်း တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူပြောကြား 

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး အဆောက်အဦအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက လက်ရှိ နိုင်ငံတကာအခြေအနေ၌ အမေရိကန်မှ ဆောင်းပါးဖော်ပြ၍ တရုတ်နိုင်ငံကို ယခုကဲ့သို့ အမည်ဖျက်ရန် လုပ်ဆောင်မှုသည် တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲနေရာ ၎င်းနောက်ကွယ်မှ အကြောင်းရင်းကို လေးလေးနက်နက်စဉ်းစားသင့်ကြောင်း၊ ယင်းသည် အရှိန်အဟုန်မြင့်တိုးတက်နေသည့် တရုတ်-မြန်မာဆက်ဆံရေးအပေါ်ထားရှိသော အမေရိကန်၏ “မစားရသည့်အမဲ သဲနှင့်ပက်” ဟူသည့် စိတ်ဓာတ်ကို ထင်ဟပ်နေကြောင်း ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ၏ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသည့် မှားယွင်းသောပြောကြားချက်များကို ဝေဖန်ပယ်ချကြောင်း ထုတ်ပြန်ခဲ့ရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

အမေရိကန်အာဏာပိုင်များက ပြည်တွင်းပဋိပက္ခကို အာရုံလွှဲရေး၊ နိုင်ငံရေးအမြတ်ထုတ်နိုင်ရေးအတွက် တစ်ကမ္ဘာလုံး၌ တင်ဆက်သည့် လုပ်ဇာတ်နောက်တစ်ပွဲသာ ဖြစ်ကြောင်း တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

တရုတ်နိုင်ငံက နိုင်ငံတကာနှင့်ဆက်ဆံရာတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်ကို အစဉ်တစိုက်လက်ကိုင်စွဲပြီး မြန်မာနိုင်ငံက မိမိနိုင်ငံတော်အခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ရွေးချယ်မှုကို လေးစားကာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ လူအခွင့်အရေးကောင်စီ စသည့် နိုင်ငံတကာမျက်နှာစာများတွင် မြန်မာနိုင်ငံကို ပြတ်ပြတ်သားသားထောက်ခံအားပေးပြီး မြန်မာနိုင်ငံ မိမိနိုင်ငံအချုပ်အခြာအာဏာနှင့် တရားဝင်ရပိုင်ခွင့်ကို ကာကွယ်ရာတွင် ကူညီပေးကြောင်း ၊ အမှန်အမှားကို အများပြည်သူက သိရှိနားလည်မည်ဟု မိမိတို့ယုံကြည်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံသည့်စီမံကိန်းများကို အမေရိကန်နိုင်ငံက မလိုမုန်းထားသောစိတ်ဖြင့် နာမည်ဖျက်တိုက်ခိုက်သည့်အပြင် အရပ်ဘက်အဖွဲ့အစည်းများကို မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများအား တားဆီးရန် တိုက်တွန်းလှုံ့ဆော်ပြီး တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုကို နှောင့်ယှက်ရန်ကြိုးပမ်းကာ နှစ်နိုင်ငံပြည်သူဆက်ဆံရေးကို သွေးခွဲခြင်းသည် တရုတ်-မြန်မာချစ်ကြည်ရေးနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စွာ တိုးတက်နေမှုကို မလိုလားမှုကြောင့်ပင်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ 

အမေရိကန်၏ ကြံစည်မှုအောင်မြင်သွားပါက နောက်ဆုံးတွင် အများဆုံးထိခိုက်မည်မှာ မြန်မာနိုင်ငံပြည်သူများပင်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံက အစဉ်တစိုက် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုဟူသည့် အခြေခံပေါ်တွင် တရုတ်-မြန်မာလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကိုဖော်ဆောင်နေကြောင်း ၊ လက်ရှိတွင် နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပေါ်လိုအပ်သည့် ဆက်သွယ်ရေး၊ စွမ်းအင်၊ ကုန်ထုတ်စွမ်းရည်စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လျက်ရှိကြောင်း ၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းထုတ်ကုန်များ တင်သွင်းမှုကို တစ်ဆင့်တိုး မြှင့်တင်ပြီး မြန်မာနိုင်ငံပြည်သူများနှင့်အတူ အသင့်အတင့်ချမ်းသာသောအခြေအနေ ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ 

လက်ရှိတွင် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်ပယ်အသီးသီးက “Belt and Road” နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို အတူတကွတည်ဆောက်လျက်ရှိပြီး အရည်အသွေးမြင့်၍ စဉ်ဆက်မပြတ်သည့် အတူတကွဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ကာ နှစ်နိုင်ငံပြည်သူများက သာယာလှပသောဘဝအပေါ် မျှော်မှန်းတောင့်တမှုကိုဖြည့်ဆည်းနေကြောင်း ၊ နှစ်ဦးနှစ်ဖက်က တည်ငြိမ်အေးချမ်းမှုကို အတူတကွထိန်းသိမ်း၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ဆန္ဒကို လေးစားသည့်အခြေခံပေါ်တွင် မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်ရေးအတွက် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)