Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အစားထိုးပြောင်းလဲခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီးလွှတ်တော် သဘောတူ 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းအား တွေ့ရစဉ်(ဓာတ်ပုံ - Yangon Hluttaw)

ရန်ကုန် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အဖြစ်  ဗိုလ်မှူးကြီးဝင်းတင့်အား အစားထိုးပြောင်းလဲခန့်အပ်တာဝန်ပေးရန် ယနေ့ ဇူလိုင် ၂၂ ရက်တွင် ကျင်းပခဲ့သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၄/၂၀၂၀)ပထမနေ့တွင် ကန့်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ် မရှိသဖြင့် လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် အစားထိုးခန့်အပ်နိုင်ရေးအတွက် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အတည်ပြုရွေးချယ်ထားပြီး ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ အရ ဆက်လက်ဆောင်ရွက်နိုင်ပါရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးပို့လာမှုကို ဝန်ကြီးချုပ်က လွှတ်တော်သို့ တင်ပြလာခဲ့ကြောင်း သိရသည်။ 

လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်၏ သဘောတူညီချက်ရယူနိုင်ရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပြုထားသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ကြေညာခဲ့ပြီး အဆိုပါ တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၏ ကိုယ်ရေးမှတ်တမ်းကို လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်ဖြန့်ဝေထားကြောင်း ၊ အဆိုပါ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၂ (က)အရ သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေအထင်အရှား ပြ၍ ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက ကန့်ကွက်နိုင်ကြောင်း ကြေညာရမည်ဟု ပြဋ္ဌာန်းထားကြောင်း ၊ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၄ အရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးမည့် တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အား ကန့်ကွက်လိုသော လွှတ်တော် ကိုယ်စားလှယ်သည် ကန့်ကွက်ကြောင်းအဆိုကို ဥက္ကဋ္ဌထံတင်ပြရမည်ဖြစ်ပြီး ယင်းအဆိုနှင့်အတူ မိမိကန့်ကွက်လိုသော ပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်အရည်အချင်းများနှင့် မပြည့်စုံကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများလည်း တင်ပြရမည် ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဝင်းတင့်အား လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးအပ်ရန် ကန့်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ်မရှိသည့်အတွက် တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဝင်းတင့်အား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်က သဘောတူကြောင်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၄/၂၀၂၀)ပထမနေ့တွင်  ကြေညာခဲ့သည်။ (Xinhua)