Connect with us

Politics, Law & Military

မျိုးဆက်သစ်တွေကို ယုံကြည်မှုနှင့် အင်အား အမွေပေးစေလို

ရခိုင်နှင့် မြန်မာ တေးဂီတများဖြင့် ဖြေဖျော်ကြစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ပြည်ထောင်စု၏ မျိုးဆက်သစ် လူငယ်များအား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ မည်သည့် စိန်ခေါ်မှုကို မဆို စုပေါင်းအင်အားဖြင့် ဖြေရှင်းလျှင် ရသည်ဟူသော စိတ်ဓာတ် ခွန်အားများကို အမွေပေးစေလို ကြောင်း ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD: _ Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့နေ့လယ်ပိုင်းတွင် ပြောကြားခဲ့သည်။

“ရခိုင်ပြည်နယ်မှာ အခု ဖြစ်ပွားနေတဲ့ ပြသနာတွေ နိုင်ငံသူနိုင်ငံသားများပြည်ထောင်စုသား အားလုံးရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ဖြေရှင်းနိုင်မယ် ဆိုလို့ရှိရင် ကျွန်မတို့ နောင်လာ နောက်သားတွေအတွက် အင်မတန်မှ တန်ဖိုးဖြတ်လို့ မရတဲ့ အမွေအနှစ်တွေ ဖြစ်မှာပါ။ ဘယ်လို အမွေအနှစ်မျိုးလဲ ဆိုတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တဲ့ အမွေအနှစ်မျိုး။ ဘယ်လို အခက်အခဲတွေပဲ ဖြစ်လာ ဖြစ်လာ ငါတို့ နိုင်ငံက ချမ်းသာသေးတဲ့ နိုင်ငံ မဟုတ်သော်လည်း။ အင်အားကြီးနိုင်ငံတစ်ခု မဟုတ်သော်လည်း ငါတို့ရဲ့ စုပေါင်း အင်အားနဲ့ ဒီ စိန်ခေါ်မှုတွေကို အားလုံး ရင်ဆိုင်နိုင်တယ်၊ ကျော်လွှားနိုင်တယ်.. ဆိုတဲ့ ယုံကြည် စိတ်ချမှုကို ကျွန်မတို့ရဲ့ နောင်လာ နောက်သားတွေ မျိုးဆက်သစ်တွေကို ပေးသွား နိုင်မယ်”ဟု နေပြည်တော် Hilton Hotel တွင် ယနေ့ နေ့လယ်ပိုင်း ကျင်းပခဲ့သော UEHRD နှစ်နှစ်ပြည့် အခမ်းအနား၌ ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

UEHRD ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

UEHRD နှစ်နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာသူများအား တွေ့ရစဉ်။(ဆင်ဟွာ)

အခမ်းအနား ကျင်းပနေစဉ်။(ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြစဉ်။(ဆင်ဟွာ)

၂၀၁၇ ခုနှစ်က စပြီး ယနေ့အထိ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့သည့် ကိစ္စများကြောင့် မိမိတို့နိုင်ငံဟာ စိန်ခေါ်မှုအမျိုးမျိုး ရင်ဆိုင်နေရကြောင်း၊ စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်ရာတွင် ကိုယ့်အား ကိုယ်ကိုးပြီး ဆောင်ရွက်ခြင်းက အကောင်းဆုံးပဲဟု ဆုံးဖြတ်ကြောင်း၊ မိတ်ဆွေများက ဝိုင်းဝန်းပြီးတော့ ကူညီကြ သည်ကို မိမိတို့ တန်ဖိုးထား လေးစားကြောင်း၊၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့သော ပဋိပက္ခ များကို ဖြေရှင်းဖို့ ဘယ်လို အားလုံး စုပေါင်းပြီး လုပ်မလဲ ဆိုသည့် စိတ်ဓာတ်ကြောင့် UEHRD ပေါ်လာတာ ဖြစ်ကြောင်း၊ စကတည်းက ပြည်ထောင်စုတစ်ခုလုံး ပါဝင်ရမည့် လုပ်ငန်းဟု သတ်မှတ် ခဲ့ကြောင်း၊ ပြည်ထောင်စု၏ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အကောင်းဆုံး လုပ်နိုင်လျှင် ကျန်သူများက မုဒိတာ ပွားနိုင်ရမှာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၌ တိုးတက်မှုတွေက လိုချင်သလောက်တော့ မဖြစ်သေးကြောင်း၊ ယခုတစ်နှစ်အတွက်သာ လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ပြည်ထောင်စုကြီးအတွက် နောင်နှစ်ကာလ မြောက်များစွာ ခေတ်အဆက်ဆက် ကောင်းဖို့ အတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ UEHRD ၏လုပ်ငန်းများသည် ယခု လောလောဆယ် ရခိုင်ပြည်နယ် တစ်ခုတည်းအတွက် မဟုတ်ဘဲ ပြည်ထောင်စုကြီး တစ်ခုလုံးအတွက် ဖြစ်တယ် ဆိုတာ ထပ်တလဲလဲ ပြောလိုကြောင်း၊ UEHRD နှစ်နှစ် မြောက်နေ့၌ UEHRD မှာ ပါဝင်သော ပုဂ္ဂိုလ်များအား ဂုဏ်ပြု ကျေးဇူးတင်စကား ပြော၍ မဖြစ်ကြောင်း၊ ပါဝင်ခဲ့သည့် ဝန်ကြီးဌာနများအားလုံး၊ အဓိကအားဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုလည်း ကျေးဇူး တင်ပါကြောင်း၊ မိမိတို့နိုင်ငံအပေါ်မှာ စေတနာ မေတ္တာထားပြီးတော့ ကူညီနေသော ပြည်ပက မိတ်ဆွေများ အားလုံးကိုလည်း ကျေးဇူးတင်စကား ပြောလိုကြောင်း၊ အားလုံး လက်တွဲပြီး လုပ်မယ်ဆိုလျှင် တစ်နေရာက ပြသနာများကို ဖြေရှင်းခြင်းအားဖြင့် နောက် တစ်ကမ္ဘာလုံး မှာရှိသည့် အလားတူ ပြသနာများအတွက် ဖြေရှင်းနည်းများလည်း သိလာနိုင်မည်၊ သင်ယူနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖြည့်စွက် ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ UEHRD အဖွဲ့ဝင်များ၊ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ ဆက်စပ် ဝန်ကြီးဌာနများမှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ နိုင်ငံခြား သံတမန်များ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် အတွင်း ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင် သော လူ့ဘောင် အသိုက်အဝန်းမျိုးစုံမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.