Connect with us

Politics, Law & Military

မြန်မာ့ တပ်မတော် အနေဖြင့် သုံးနှစ်အတွင်း ရေငုပ်သင်္ဘောများ ဝယ်ယူမည်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မီဒီယာများနှင့် တွေ့ဆုံစဉ်

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာ့ တပ်မတော် အနေနှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် သုံးနှစ်အတွင်း ရေငုပ်သင်္ဘောနှင့် လေယာဉ်များ ဝယ်ယူသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

အဆိုပါ ရေငုပ်သင်္ဘောများနှင့် လေယာဉ်များ ဝယ်ယူမှုအတွက် လွှတ်တော်မှ ချပေးသော ဘတ်ဂျတ် အပေါ်တွင် မူတည်နေပြီး နှစ်နှစ်နှင့် သုံးနှစ်ခန့် အကြာတွင် အကောင်အထည်ဖော် နိုင်ဖွယ်ရှိကြောင်း ၎င်းက ခန့်မှန်း ပြောကြားသည်။

လက်ရှိ ပေါက်ဈေးအရ ရေငုပ်သင်္ဘော အလတ်စား တစ်စီးလျှင် အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော်ခန့် ရှိနေသောကြောင့် ဝယ်ယူလိုပါက နိုင်ငံတော်၏ ဘတ်ဂျက်နှင့် ချင့်ချိန်စဉ်းစားရကြောင်း၊ ရေငုပ်သင်္ဘောသည် တိုင်းပြည် ကာကွယ်ရေး အတွက် ရှိထားသင့်သည့် အတွက် တပ်မတော်အတွက် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ရေငုပ်သင်္ဘော တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ရုရှား၊ အိန္ဒိယနှင့် တရုတ် နိုင်ငံများတွင် နည်းပညာများကို လေ့လာထားကြောင်း ၎င်းက ပြောသည်။

ရေတပ် စွမ်းရည် မြှင့်တင်ရန် နှင့် မြန်မာ့ ပင်လယ်ပြင် ကာကွယ်နိုင်ရန် စွမ်းပကားရှိရန် လိုအပ်ပြီး စစ်ရေယာဉ်များကို စွမ်းအားပြည့် သုံးစွဲနိုင်အောင် ကြိုးစားနေကြောင်း၊ ရေတပ်သင်္ဘောများ ဝယ်ခြင်း၊ ပြည်တွင်းတွင် တည်ဆောက်ခြင်းများ လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းသမားများကို ပြန်လည် ဖြေကြားသည်။

လေတပ်စွမ်းရည် မြှင့်တင်ရေးနှင့် ပတ်သက်၍ အရပ်ဘက်သုံးထက် စစ်ဘက်သုံး လေယာဉ်များက ပိုဈေးကြီးကြောင်း၊ လေယာဉ်ဝယ်ယူခြင်းနှင့် ဆက်စပ်၍ Training ကိစ္စရပ်များ၊ Ground Facility၊ Maintenance ကိစ္စရပ်များပါ လိုအပ်၍ ကုန်ကျ စရိတ်များကြောင်း ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမ၌ စက်တင်ဘာလ ၂၁ ရက်နေ့ က မီဒီယာများနှင့် တွေ့ဆုံခဲ့ပါသည်။ (Xinhua)