Connect with us

Politics, Law & Military

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ညှိနှိုင်း ဆွေးနွေး

တရုတ်-မြန်မာနယ်စပ်ဂိတ်မြင်ကွင်း (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

COVID-19 ကာလအတွင်း တစ်နှစ်နီးပါးခန့် ပိတ်ထားခဲ့ရသော မြန်မာ- တရုတ် နှစ်နိုင်ငံ အဝင် အထွက်ဂိတ်များကို မကြာမီ ပြန်လည် ဖွင့်လှစ်နိုင်ရန် နှစ်ဘက် တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ယနေ့ နံနက်တွင် ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။

” နယ်စပ်ဂိတ်တွေ အချိန်ပြည့် ပြန်ဖွင့်နိုင်ရေး၊ ကုန်သည်တွေရဲ့ ဘဏ် accounts တွေ ပိတ်ထားတာကို ပြန်ဖွင့်ပေးရေး အပါအဝင် နှစ်နိုင်ငံ ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေး ကိစ္စတွေအတွက် ဒီဇင်ဘာ ၇ ရက်နေ့ ညနေပိုင်းမှာ နှစ်ဘက် တာဝန်ရှိသူတွေ ညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မူဆယ်မြို့ရှိ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ် အမှတ် (၁) နန်းတော်ဂိတ်၌ ပြုလုပ်ခဲ့သည့် အဆိုပါ အစည်းအဝေးတွင် COVID-19 ကာလအတွင်း ယာယီ ပိတ်ထားခဲ့သည့် ဆင်ဖြူဂိတ်၊ ကျင်ဆန်းကျော့ဂိတ်၊ ပန်ဆိုင်း (ကြူကုတ်) ဂိတ်၊ မန့်ဝိန်းဂိတ် စသည့် နှစ်နိုင်ငံ အဝင် အထွက် ဂိတ်များကို အချိန်ပြည့် ပြန်လည် ဖွင့်လှစ်နိုင်ရေး၊ ကုန်သွယ်မှု မြှင့်တင်ရေး၊ ကုန်စည်ကူးသန်း ရောင်းဝယ်ရာ၌ လျင်မြန်လွယ်ကူ ချောမွေ့စေရေး၊ နှစ်နိုင်ငံ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများအား ထိရောက်စွာ ကာကွယ်တားဆီးရေး၊ နှစ်နိုင်ငံ COVID-19 ရောဂါ ပူးပေါင်းကာကွယ် တိုက်ဖျက်ရေး စသည့် အကြောင်းအရာများလည်း ပါဝင်ကြောင်း သိရသည်။

“နှစ်ဘက် ညှိနှိုင်းဆွေးနွေးပွဲရဲ့ နောက်ဆုံး ရလဒ်တွေကတော့ အခုထိ ကျွန်တော်တို့ဆီ ဘာမှတက်မလာသေးပါဘူး” ဟုလည်း ဦးခင်မောင်လွင်က ဖြည့်စွက် ပြောကြားခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်ဂိတ်များကို COVID -19 အစောပိုင်း ကာလဖြစ်သည့် ဧပြီလ ၅ ရက် တွင် နှစ်ဘက် ခရီးသွားများ ဝင်ထွက်ခွင့် စတင်ပိတ်ထားခဲ့သည်။

ကုန်စည်များသယ်ယူရာတွင်လည်း တရုတ်နိုင်ငံဘက်မှ ဆေးစစ်ပြီးသော ယာဉ်မောင်း ၂၀ ဦးက ကုန်ကားများကို ရှန်တိန်ပုံစံဖြင့် မောင်းယူခြင်း၊ မောင်းပို့ခြင်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခု ဆွေးနွေး ညှိနှိုင်းမှုအရ မူဆယ်ရှိ ဆင်ဖြူဂိတ်နှင့် ကြူကုတ်-ပန် ဆိုင်းရှိ ဝမ်တိန်ဂိတ်တို့တွင် ကုန်ကားငယ် ခြောက်ဘီးကားများ ဝင်ထွက်ခွင့် ရရှိလာတော့မည် ဖြစ်ကြောင်း မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်းမှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးထွန်းကိုကိုက ဆင်ဟွာသို့ ယနေ့နေ့လယ်ပိုင်း၌ ဖြေကြားခဲ့ကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.