Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတက နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့၏ အမျိုးသားရေး ဦးတည်ချက်တို့ကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် မိန့်ခွန်း ပြောကြားနေစဉ်(ဓာတ်ပုံ - Myanmar President Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ၂ဝ၂ဝ ပြည့်နှစ် ၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့၏ အမျိုးသားရေး ဦးတည်ချက် တို့ကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်း ကြောင်း နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့၏ အမျိုးသားရေး ဦးတည်ချက်များမှာ ကျောင်းနေအရွယ် လူငယ်အားလုံး အခြေခံပညာသင်ယူခွင့်ရရှိရေး ၊ လူမှုစီးပွားရေးအတွက် လက်တွေ့ကျ အကျိုးပြုသည့် ဘာသာရပ် များ တစ်သက်တာ သင်ယူမှုအခွင့်အလမ်းရရှိရေး၊ ပြည်ထောင်စုကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်း သားဒေသများ၌ ပညာရေးတွင် ပိုမိုပံ့ပိုးရင်းနှီးမြှုပ်နှံရေး၊ ပညာရေးဖွံ့ဖြိုးမှုအတွက် နည်းပညာနှင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းရေး နှင့် တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ ဖြစ်သည်။

နိုင်ငံတော် သမ္မတထံမှ ပေးပို့သော သဝဏ်လွှာတွင် ကျောင်းနေအရွယ် လူငယ်အားလုံး အခြေခံပညာ သင်ယူခွင့် ရရှိရေး သည် နိုင်ငံတော်အတွက် အရေးကြီးသော ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း ၊ အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတွင် အမြော်အမြင်ပြည့်ဝပြီး အတွေးအခေါ် ရင့်ကျက်မှန်ကန် သည့်လူငယ်များ ပေါ်ထွက်လာရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်ပင် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ အသက်မွေးဝမ်းကျောင်းပညာရပ်များ ပိုမို လေ့လာသင်ယူခွင့်ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး၊ အရည် အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးပွားလာစေရေးတို့သည်လည်း အရေးပါသော လုပ်ငန်းများ ဖြစ်သဖြင့် အလေးထားဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ၊ ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက ရင်းနှီးမြှုပ်နှံမှုဖြစ်ရာ တောင်ပေါ်မြေပြန့်မကျန် ပညာရေးရင်းနှီးမြှုပ်နှံမှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ၊ အထူးသဖြင့် ပြည်ထောင်စု ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တိုင်းရင်းသားတို့၏ ဒေသများ တွင် ပညာရေး၌ ယခုထက် ပိုမိုရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ၊ ထို့အပြင် ပညာရေးပိုမိုမြင့်မားတိုးတက်လာအောင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ၊ ပညာရေးဆိုင်ရာ အခြေခံ အဆောက်အဦများ၊ နည်းပညာများ စသည်အားဖြင့် ဘက်ပေါင်းစုံမှ တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သဝဏ်လွှာ တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

နိုင်ငံတော် သမ္မတက ရာပြည့် အမျိုးသားအောင်ပွဲနေ့မှသည် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်လို့၊ ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်စို့” ဆိုသည့် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေးတို့ အတွက် ဘက်ပေါင်းစုံမှ အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၊ ရရှိပြီးသောအောင်မြင်မှုရလဒ်များကို အမိအရဆုပ်ကိုင်ပြီး ရှေ့ဆက် ရမည့်ဒီမိုကရေစီခရီးတွင် ကြုံတွေ့ရမည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး စုစည်းညီညွတ်သော စွမ်းအားဖြင့် အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားသွားကြရမည် ဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသား တက္ကသိုလ်ကျောင်းသား မျိုးချစ်လူငယ်များသည် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် (၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့)တွင် ကိုလိုနီပညာရေးစနစ်ကို ပယ်ဖျက်ပေးရန် ပထမအကြိမ် ရန်ကုန်တက္ကသိုလ်သပိတ်ကြီးကို စတင်ဆင်နွှဲခဲ့ကြပြီး အမျိုးသားရေးစိတ်ဓာတ်များ မွေးဖွားစေခဲ့သော ထိုသပိတ်တိုက်ပွဲစတင်သည့်ရက်ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ဂုဏ်ပြုကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

#သမ္မတ #ဦးဝင်းမြင့် #အမျိုးသားအောင်ပွဲနေ့ #ဆင်ဟွာ #Xinhua