Connect with us

Politics, Law & Military

မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်များ လက်မှတ် ရေးထိုးနိုင်ရန် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမည်

ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၅ ရက် (ဆင်ဟွာ)

မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်များ လက်မှတ် ရေးထိုးနိုင်ရန် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာလိုက်သည်။

အဆိုပါ မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်များ လက်မှတ် ရေးထိုးနိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်သို့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က လာရောက် ရှင်းလင်း တင်ပြခဲ့သည်။
ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနတို့ကြား နိုင်ငံတကာနှင့် ဒေသတွင်း နိုင်ငံရေး၊ တည်ငြိမ်ရေး ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ကာကွယ်ရေး မူဝါဒများကို အပြန်အလှန် နားလည်ရေး ကိစ္စများကို ဆွေးနွေးခြင်းများ ပြုလုပ်ခြင်းဖြင့် တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေးနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အများအပြား၌ ပိုမို ခိုင်မာစေရန် ရည်ရွယ်ပြီး လက်မှတ် ရေးထိုးရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ် မြင့်နွယ်က လွှတ်တော်တွင် ရှင်းလင်း ပြောကြားသည်။
လက်မှတ် ရေးထိုးခြင်းဖြင့် စစ်ရေးဆိုင်ရာ သဘောထား အမြင်ဖြင့် သတင်းအချက် အလက်များ ဖလှယ်နိုင်ရေး၊ အပြန်အလှန် ယုံကြည်မှုများ ခိုင်မာလာစေခြင်း၊ နိုင်ငံတကာ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဆိုင်ရာများ တိုးမြှင့်နိုင်ရေး သဘောထားအမြင်နှင့် သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်း၊ စစ်ဘက်ဆိုင်ရာ ကဏ္ဍများ၌ တိုးမြှင့်နိုင်ခြင်း၊ ကုလသမဂ္ဂ ဦးဆောင်သော ငြိမ်းချမ်းရေး တိုးတက်မှု လုပ်ငန်းများ ဖလှယ်နိုင်ခြင်း၊ ငြိမ်းချမ်းရေး အထောက်အကူပြု လုပ်ငန်းများတွင် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ အတွေ့အကြုံများ ဖလှယ်နိုင်ခြင်း၊ ပင်လယ်ပြင် ရှာဖွေရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ကြောင်း ဗိုလ်ချုပ် မြင့်နွယ်က ဆိုသည်။
ယင်း မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရန် မေလ ၉ ရက်တွင် ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ရုံးသို့ ဆွေးနွေးလိုသူများ စာရင်း ပေးသွင်းရမည် ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို မေလ ၁၀ ရက်တွင် ပြန်လည် စတင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.