Connect with us

Politics, Law & Military

မြေသိမ်းခံ ပြည်သူများ နစ်နာဆုံးရှုံးမှုအတွက် ပြန်လည် စိစစ်ရေးဗဟိုကော်မတီထံ ဆက်လက် တင်ပြမည်

မြေသိမ်းခံ ပြည်သူများ နှင့် သိမ်းဆည်းမြေများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီတို့ ပြုလုပ်သည့် အစည်းအဝေးတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူကရှင်းလင်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

လယ်ယာမြေ သိမ်းဆည်းခံရစဉ်က သတ်မှတ် ကာလ ပေါက်ဈေးဖြင့် လျော်ကြေးရခဲ့သော်လည်း နေထိုင် လုပ်ကိုင်စရာ မြေ နှင့် လယ်တို့မရှိသောကြောင့် နစ်နာ ဆုံးရှုံးကြရသည့် ဒေသခံ ပြည်သူတို့က အသနားခံစာ တင်သွင်းလာပါက သိမ်းဆည်းမြေများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီသို့ ဆက်လက် တင်ပြပေးမည်ဟု နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် သံတမန်ဇုန်တွင် ယခင်က နေထိုင်ခဲ့သော ဒေသခံ ပြည်သူများအား ယနေ့ညနေပိုင်းတွင် ပြောကြားခဲ့သည်။

“မြေသိမ်းခံရတဲ့ ပြည်သူတွေက မြေလျော်ကြေး ရပေမယ့် လုပ်စားစရာ နေစရာ မြေ မရှိလို့စားဝတ်နေရေး ခက်ခဲပါတယ်။ မြေတန်ဖိုးလည်း မလိုချင်ပါဘူး။ လုပ်ကိုင်စားသောက်နိုင်တဲ့ မြေကိုပဲ ပြန်လိုချင်ပါတယ်၊ ဒါမှ မဟုတ် အလုပ်လုပ်ခွင့် မရတော့လို့နစ်နာကြေး ထပ်ပေးဖို့အသနားခံပါတယ်

ဆိုပြီး တင်ပြလာရင် ကျွန်တော်တို့က နေပြည်တော်ကောင်စီက တစ်ဆင့် သိမ်းဆည်းမြေများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီကို ဆက်လက် တင်ပြပေးပါမယ်” ဟု ဒက္ခိဏသီရိမြို့နယ် စည်ပင်သာယာရေး ရုံး၌ မြေသိမ်းခံ ပြည်သူများ နှင့် ယနေ့ညနေ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြေသိမ်းခံ ပြည်သူများ နှင့် သိမ်းဆည်းမြေများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီတို့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် စည်ပင်သာယာရေး ရုံး၌ ပြုလုပ်သည့် အစည်းအဝေးအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြေပုံအား တွေ့ရစဉ် (ဆင်ဟွာ)

ထိုသို့တင်ပြခြင်းဖြင့် သိမ်းဆည်းမြေများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီသည် မည်သည့် မြေကို ပြန်ပေးမည်၊ သို့မဟုတ် မည်သည့် မြေ အမျိုးအစားအတွက် နစ်နာကြေး မည်မျှ ထပ်ပေးမည် စသဖြင့် ဆောင်ရွက် ပေးနိုင်သည်ဟုလည်း ၎င်းက ရှင်းပြသည်။

ယနေ့ညနေ တွေ့ဆုံပွဲသည် ဒက္ခိဏမြို့နယ်အတွင်း လယ်ယာမြေ သိမ်းဆည်းခံ ပြည်သူတို့နှင့် စတုတ္ထ အကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။ တက်ရောက်လာသည့် ဒေသခံ ပြည်သူ ၅၀ ကျော်တို့သည် လယ်ယာမြေ လျော်ကြေး ရရှိထားပြီးသူများ ဖြစ်သော်လည်း အများစုမှာ တစ်ဧကလျှင် ကျပ် တစ်သိန်းနှုန်းသာ ရခဲ့ သဖြင့် နစ်နာကြေး ထပ်မံ ရယူလိုခြင်း၊ မိမိပိုင်ဆိုင်သည့် ဧကအားလုံးအတွက် လျော်ကြေး အပြည့် မရသဖြင့် ကျန်ငွေ တောင်းခံလိုခြင်း၊ သိမ်းဆည်းခံ မြေများတွင် စီမံကိန်းအတိုင်း မဆောင်ရွက်တော့ပါက နေပြည်တော် ကောင်စီက မူလ ပိုင်ရှင်သို့ ပြန်လည် စွန့်လွှတ်ပေးပါရန် တောင်းခံ လိုခြင်း စသည့် တင်ပြချက်အမျိုးမျိုးတို့ကို အစိုးရသစ် ပြောင်းပြီးခါစတွင် မြေယာ အသုံးချမှု ကော်မတီ အဆင့်ဆင့်သို့တင် ပြထားကြသူများ ဖြစ်သည်။ ထိုသို့တင်ပြထားသူများအား အကြောင်းအရာတူ၊ ဒေသတူ အုပ်စုလိုက် အသုတ်ခွဲပြီး မြို့နယ် စည်ပင်သာယာရုံးသို့ခေါ်ယူတွေ့ဆုံကာ ညှိနှိုင်း ရှင်းလင်းကြခြင်းဖြစ်သည်။

“အခုလိုတွေ့ဆုံတာ လေးကြိမ်ရှိပါပြီ။ အရင် သုံးကြိမ်မှာ ပြည်သူ တစ်ရာကျော် ရှိခဲ့ပါတယ်။ လာမယ့် ငါးကြိမ်မြောက်မှာ ဒေသခံ ပြည်သူ ၁၇၀ ကျော်နဲ့တွေ့ဖို့စီစဉ်ထားပါတယ်” ဟု ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ဆင်ဟွာသို့ပြောသည်။

နေပြည်တော် သံတမန်ဇုန်အတွက် မြေဧကပေါင်း ၁၅၀၀ ခန့့် သိမ်းဆည်းခဲ့ရာ ၁၄၇၀ ကျော်တို့ကို လျော်ကြေးပေးပြီး ဖြစ်သော်လည်း တောင်သူ ၁၆၀ တို့က ဧက ၈၀၀ ခန့်အတွက် လျော်ကြေး မရရှိသေးကြောင်း တင်ပြထားမှုကြောင့် ဧက စာရင်းများ ကွာနေပြီး ဖြေရှင်းရ ခက်ခဲနေရကြောင်း ဒက္ခိဏသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက ဆင်ဟွာသို့ပြောသည်။

“တချို့ကျတော့ မြေပိုင်ခဲ့တာမှန်ပေမယ့် အထောက်အထားတွေ မပြနိုင်လို့ လျော်ကြေးမရတာတွေလည်း ရှိပါတယ်။ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီ အနေနဲ့ တစ်ချိန်က ကာလတန်ကြေး မပေးဘဲ သိမ်းခဲ့လို့ဒေသခံ ပြည်သူတွေ နစ်နာမှုအတွက် တရားမျှတအောင် ဆောင်ရွက်ပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကော်မတီက ဖြေရှင်းပေးတဲ့ အပေါ် ပြည်သူတွေ မကျေနပ်ခဲ့ရင် သူတို့ကိုယ်စား လွှတ်တော်ကနေ ဆောင်ရွက်ဖို့စီစဉ်ထားပါတယ်” ဟု ဦးသန့်ဇင်ထွန်းက ရှင်းပြသည်။

ဒက္ခိဏသီရိမြို့နယ် ဒိုးနွယ်ကျေးရွာမှ လယ်မြေ နှစ်ဧက သိမ်းဆည်းခံရသည့် တောင်သူ ဒေါ်သန်းကြည်က “ပြီးခဲ့တဲ့ ရှစ်နှစ် ၂၀၀၇ ခုနှစ်က အသိမ်းခံရတာပါ။ အဒေါ်မြေက အဲဒီအချိန်တုန်း တစ်ဧကကို ၁၅ သိန်းလောက် ဈေးရတယ်။ အခုဆိုရင် တစ်ဧကကို သိန်းတစ်ရာလောက် အနည်းဆုံး တန်တယ်။ လျော်ကြေးက တစ်သိန်းနှုန်းနဲ့ နှစ်သိန်းပဲရထားလို့စာတွေတင်ပြခဲ့ရာက အခုလို လာတွေ့ရတာပါ” ဟု အစည်းအဝေးမစမီတွင် ပြောခဲ့သည်။ (Xinhua )