Connect with us

Politics, Law & Military

ယိုးတရုပ်ကျေးရွာ ရဲစခန်း တိုက်ခိုက်ခံရ၊ ရဲ ၉ ဦးကျဆုံးကာ ၂ ဦး ဒဏ်ရာရ

ယိုးတရုပ်ကျေးရွာအဝင် ဆိုင်းဘုတ်အား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ပုဏ္ဏကျွန်းမြို့နယ်၊ ရန်ကုန်- စစ်တွေ ကားလမ်းမဘေးရှိ ယိုးတရုပ်ကျေးရွာ ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၉ ဦး ကျဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါယိုးတရုပ် ကျေးရွာ ရဲစခန်းကို မတ် ၉ရက် ည ၁၁နာရီ ၂၀ မိနစ်ခန့်က သာလွန်အင်အားဖြင့် ရှေ့၊နောက်နှင့် ယာဘက် သုံးနေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် တိုက်ခိုက်မှုအား ရဲတပ်ဖွဲ့များက ပြန်လည်ခုခံပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ၁၁နာရီ ၅၀ မိနစ်တွင် ရပ်တန့်ခဲ့ကြောင်း သိရသည်။

” ရဲတပ်ဖွဲ့ဝင် ကိုးဦးကျတယ်၊ ၂ယောက် ဒဏ်ရာရတယ်(မစိုးရိမ်ရ)၊ တစ်ယောက်တော့ ပျောက်နေတယ်၊ လက်နက်အချို့လဲပါသွားတယ်၊ AAကဝင်တိုက်တာ”ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ပြောသည်။

လက်ရှိ ကျဆုံးသော ရဲတပ်ဖွဲ့ဝင်များတွင် ရဲအုပ်၊ ရဲတပ်ကြပ်ကြီး၊ ရဲဒုတပ်ကြပ်၊ ရဲတပ်ကြပ်နှင့် ရဲတပ်သားစသည့် အဆင့်များ အသီးသီးပါဝင်ကြောင်း ၎င်းက ဆိုသည်။(Xinhua)