Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့(မေ ၆ ရက်)နှင့် မနက်ဖြန်(မေ ၇ ရက်)တို့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသော လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး၊ ရေရှည်ပဋိပက္ခကင်းဝေး ရေးဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပစဉ်(ဆင်ဟွာ)

“ ရခိုင်ပြည်နယ် ကြွယ်ဝချမ်းသာရေးပြန်လည်ဖြစ်လာဖို့ အလေးအနက်ထား ဆောင်ရွက်နေတယ်လို့ ထပ်လောင်းပြောကြားပါတယ်၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လူမှုရေး မတည်ငြိမ်မှုတွေဟာ ဘာလဲဆိုတာ ဆန်းစစ်အကြုံပြုပေးဖို့ ကိုဖီအာနန်ကို မေတ္တာရပ်ခံခဲ့ပါတယ်” လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ရခိုင်ပြည်နယ်နှင့် တစ်နိုင်ငံလုံးကို အကျိုးဖြစ်စေမည့် အကြံပြုချက်များကို အကောင်အထည် ဖော်ဆောင်သွားမည်ဟု ရှင်းလင်းပြီးဖြစ်ပြီး အကြုံပြုချက်များသည် လက်ရှိလူသားချင်းစာနာမှု အကြပ်အတည်း၊ လုံခြုံရေးအကြပ်အတည်း၊ လူ့အခွင့်အရေးအကြပ်အတည်းများကို ကျော်လွှားနိုင်ရန် အထောက်အကူပြုရုံမက ယင်းအကြပ်အတည်းများကိုလည်း တားဆီးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရရန်အဓိက ဆောင်ရွက်ရမည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးသည်လည်း အခြေခံ လိုအပ်ချက်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် အကောင်အထည်ဖော်ဆောင်ရန်လိုအပ်ပြီး ရခိုင်ပြည်နယ်အတွင်း လိုအပ်သော အပြောင်းအလဲများ စတင်ရန် အများစု စုဆုံနိုင်သည့်နေရာများက စတင်ရမည်ဖြစ်ကြောင်း၊ ရခိုင်အတွက် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်နှင့် ကမ္ဘာတစ်ဝှမ်းလုံးက စုစည်းပြီး ပြည်လည်သင့်မြတ်ရေး၊ ကြွယ်ဝချမ်းသာရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့မှ ပါမောက္ခLord Darzi of Denhamက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင်း ဆယ်စုနှစ်အတွင်း ဖြစ်ပေါ်နေသည့် အခက်အခဲစိန်ခေါ်မှုများကို ချက်ချင်းပြောင်းလဲရန် မဖြစ်နိုင်ကြောင်း၊ နိုင်ငံတကာ ကူညီမှုများဆက်လက်လိုအပ်ပြီး စိတ်ရှည်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရကလည်း ဆောင်ရွက်နေမှုများကို လူများသိရှိရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

ယင်း ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သော နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ဦးကျော်တင့်ဆွေ၊ ပညာရေးဝန်ကြီးဌာနမှ ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မြင့်ထွေး၊ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ ဦးကျော်တင်၊ပြည်ကြားရေးဝန်ကြီး ဦးဖေမြင့်တို့အပြင် မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များ၊ ရခိုင်၊ ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များ၊ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏အကြံပေးအဖွဲ့ အဖွဲ့ဝင်များ၊ UEHRD ကော်မတီ အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး အာဆီယံသဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်း စာနာကူညီမှုပေါင်းစပ်ညှိနှိုင်းရေးဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management – AHA Center) ကော်မတီဝင် နိုင်ငံခြားသားပညာရှင်များ၊ နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)