Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်း ကျပ် ၅၇,၇၂၀ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

ဖမ်းဆီးရမိသော စိတ်ကြွ ရူးသွပ်ဆေးပြားများအား တွေ့ရစဉ်(ရဲဇာနည်)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း အောက်တိုဘာ ၂၁ရက် ညနေပိုင်းတွင် ကျပ် ၅၇,၇၂၀ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကထုတ်ပြန်သော သတင်းအရ သိရသည်။

ဘူးသီးတောင်မြို့ မြို့မရပ်ကွက်မှ ရွာမကျေးရွာသွား ကားလမ်းမဘေး၌ မီးသွေးအိတ်များ တင်ဆောင်၍ ရပ်တန့်ထားသော ဟိုင်းလပ်ယာဉ်အား စစ်ဆေးရာ မီးသွေး ၅၅ အိတ်အတွင်းမှ WY စိတ်ကြွဆေးပြား ၁,၉၁၁,၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း၊အဆိုပါ ကားပေါ်ရှိ လူအား စစ်မေးရာ အနောက် ရပ်ကွက်၊ ဘူးသီးတောင်မြို့နေသူ၏ ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် ထို့နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်ရှိ မီးသွေး ၁၃ အိတ်အတွင်းမှ WY စိတ်ကြွဆေးပြား ၉၇၅,၀၀၀ ပြားနှင့် ငွေကျပ် ၃ သိန်းတို့အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း WY စိတ်ကြွဆေးပြား ၂,၈၈၆,၀၀၀ ပြား(၁ ပြား လျှင် ၂၀၀၀ ကျပ် နှုန်းဖြင့် တန်ဖိုး ကျပ် ၅၇,၇၂၀ သိန်း) တို့အား သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွဆေးဝါးများသယ်ဆောင်သူများကို မယ(ပ) ၁၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် လည်းကောင်း၊ မယ(ပ) ၁၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)ဖြင့် လည်းကောင်း အမှုရေးဖွင့်၍ ကွင်းဆက်တရားခံ(၄)ဦးထပ်မံ ဖော်ထုတ်ဖမ်းဆီးရမိပြီး ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)