Connect with us

Politics, Law & Military

ရခိုင် အမျိုးသားပါတီမှ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟုဆို

နေပြည်တော်ရှိ လွှတ်တော်တွင် ရခိုင် အမျိုးသားပါတ်ီမှ ဥက္ကဌ ဒေါက်တာအေးမောင်မှ မီဒီယာများအား အင်တာဗျူး ဖြေကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင်၂၀ ရက် (ဆင်ဟွာ)

ရခိုင်အမျိုးသားပါတီမှ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၆၀ ကျော်ကို ဝင်ရောက် ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း စာရင်းကို အတည်ပြုပြီး ဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီမှ ဥက္ကဌ ဒေါက်တာ အေးမောင်က ဆင်ဟွာကို ယနေ့ပြောသည်။

ရခိုင် အမျိုးသားပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ မဲဆန္ဒနယ် အားလုံး ၆၀ ကျော်ရှိတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရော တောင်ပိုင်းရော၊ ပြည်နယ် လွှတ်တော်ရော မဲဆန္ဒနယ် အကုန်လုံးကို ဝင်ပြိုင်မှာ ဖြစ်တယ်’’ ဟု ပြောသည်။

ရခိုင် အမျိုးသားပါတီ်မှ ဥက္ကဌ ဒေါက်တာ အေးမောင်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသား လွှတ်တော် အမတ်နေရာမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ယခု ၂၀၁၅ ရွေးကောက်ပွဲတွင်တော့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံမည်ဟု ဒေါက်တာ အေးမောင်က ဆိုသည်။

ရခိုင် အမျိုးသားပါတီ ဒုတိယ ဥက္ကဌ ဦးအေးသာအောင် ကတော့ မြေပုံနှင့် မင်းပြား မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်နေရာမှ ဝင်ပြိုင်မည်ဟု ဆိုသည်။ယခုကဲ့သို့ ရွေးချယ်မှုသည် မြို့နယ် အသီးသီးတွင် ရှိသည့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး ကော်မတီမှ ရွေးချယ် ပေးလိုက်သည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဗဟို ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးမှ ပြန်လည် စိစစ်မှုတွေ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြည်နယ် လွှတ်တော် နေရာများဖြစ်သည့် မောင်တော၊ မြောက်ဦး၊ ရသေ့တောင်၊ ကျောက်ဖြူ၊ အမ်း၊ မာန်အောင်မြို့နယ်၊ ပလက်ဝမြို့နယ်၊ စစ်တွေ မြို့နယ် စသည့် မဲဆန္ဒနယ် တချို့ကိုတော့ ပြန်လည် စိစစ်ရန် ရှိကြောင်း ဆိုသည်။ရခိုင် အမျိုးသားပါတီသည် ဦးအေးသာအောင်၏ ALD (ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ) နှင့် ဒေါက်တာ အေးမောင်၏ RNDP (ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ) ၂ ခု ပေါင်းစည်းပြီးနောက် ရခိုင် အမျိုးသား ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် RNDP အနေဖြင့် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတစ်ခုကိုသာ ယှဉ်ပြိုင်နိုင်ခဲ့ပြီး၊ ပြည်သူ့လွှတ်တော် ၇ နေရာ၊ အမျိုးသားလွှတ်တော် ၆ နေရာ နှင့် ပြည်နယ် လွှတ်တော် ၁၀ ယောက် ကျော် အနိုင်ရရှိ ခဲ့သည်။ပြည်ထောင်စု လွှတ်တော်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP (ကျားဖြူပါတီ) ပြီးလျှင် ကိုယ်စားလှယ် နေရာ အများဆုံးတိုင်းရင်းသား ပါတီတစ်ခုဖြစ်သည်။ (Xinhua)