Connect with us

Politics, Law & Military

ရဲတပ်ဖွဲ့ဝင်အင်အား တိုးမြှင့် ဖြည့်တင်းနိုင်ရန် အလေးထား ဆောင်ရွက်လျက်ရှိဟု ဆို

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြည်သူ့ လွှတ်တော်တွင် ဖြေကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးတို့အတွက် ရဲတပ်ဖွဲ့ဝင် အင်အား တိုးမြှင့် ဖြည့်တင်းနိုင်ရန် စီမံချက်များ ချမှတ်ပြီး အလေးထား ဆောင်ရွက်လျက် ရှိသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“မြန်မာနိုင်ငံရဲ့ လက်ရှိ လူဦးရေမှာ ၅၁ သန်းကျော်ရှိပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ရဲတပ်ဖွဲ့ဝင်အင်အားနဲ့ပြည်သူ လူထုရဲ့ အချိုးမှာ တစ် အချိုး ၆၅၀ (၁ း ၆၅၀) ရှိကြောင်း တင်ပြလိုပါတယ်၊ နိုင်ငံတကာ စံနှုန်းနဲ့အညီ ရဲတပ်ဖွဲ့ဝင်အင်အားများ ပြည့်မီအောင် ဖြည့်တင်းနိုင်ရေးအတွက် အင်အား တိုးမြှင့်ရေး စီမံချက် ရေးဆွဲပြီး တိုင်းဒေသကြီး ပြည်နယ် တပ်ရင်း တပ်ဖွဲ့များက ရဲတပ်သားသစ်များ စုဆောင်းရရှိရေးကို အလေးထား ကြပ်မတ် ဆောင်ရွက်နေပါတယ်” ဟု ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ပြောသည်။

ရှိသင့်သည့် ရဲတပ်ဖွဲ့ဝင်အင်အားနှင့် ပတ်သက်ပြီး နိုင်ငံတကာ စံနှုန်းအရ ရဲနှင့် ပြည်သူ အချိုးမှာ တစ် အချိုး လေးရာ (၁ း ၄၀၀) ဖြစ်သောကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် တပ်ဖွဲ့ဝင် ၁၂၇,၅၀၀ ဦး ထပ်မံ ခန့်ထားရန် လိုအပ်ကြောင်း၊ လက်ရှိခန့်အပ်ထားသည့် အင်အားမှာ နိုင်ငံတကာ စံနှုန်း၏ ၆၁ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိကြောင်းလည်း ၎င်းက ရှင်းပြသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို၏ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ဝင် အင်အား ထပ်မံ တိုးချဲ့ရေး၊ မပြီးပြတ်သေးသည့် အမှုများ အနေအထားနှင့် မှုခင်းကျဆင်းရေး အထူးစီမံချက်များဆိုင်ရာ မေးခွန်းများကို ဖြေကြားရာတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၆ ခုနှစ်မှာ လက်ကျန်အမှုတွေ များနေရတဲ့ အကြောင်းရင်းက ဒီဇင်ဘာ လကုန်အထိ ရေးဖွင့်ထားပြီး စုံစမ်းဆဲ အမှုတွေ ဖြစ်နေခြင်း၊ တရားခံများ ထွက်ပြေး တိမ်းရှောင်နေခြင်း၊ သက်သေများ ခရီးလွန်နေခြင်း၊ လယ်ယာမြေနှင့် ဆက်နွယ်သည့် အမှုတွေမှာ လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့်သို့အယူခံ တက်ရောက်နေခြင်း၊ ရွှေ့ပြောင်း လုပ်သားများ တရားလို တရားခံ သက်သေအဖြစ် ပါဝင်သည့် မှုခင်းများတွင် အချိန်မီ စစ်ဆေးနိုင်မှု မရှိခြင်း၊ နယ်မြေ လုံခြုံရေး အခြေအနေအရ ရဲလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲ ရှိခြင်း တို့ကြောင့် ဖြစ်ပါတယ်၊ လက်ကျန် အမှုတွေကို အမြန် ပြီးပြတ်အောင် အမှုတွဲတွေ တန်းစီ စစ်ဆေး (case parade) ဆောင်ရွက် နေပါတယ်၊ မှုခင်း ကျဆင်းရေးအတွက်လည်း ပညာပေး အစီအစဉ်တွေနဲ့မြို့နယ် ကျေးရွာတွေ အထိ ဆင်းပြီး ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့ကြောင်း သိရသည်။(Xinhua)