Connect with us

Politics, Law & Military

ရွေးကောက်ပွဲလုပ်ငန်းများအတွက် ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးဟု ဆို

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ်( ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွက် ၉၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီ ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ မွန်းလွဲပိုင်းသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲ လုပ်ငန်းတွေ အောင်မြင်ဖို့ မဲဆန္ဒရှင်ပြည်သူတွေ လုံခြုံ စိတ်ချစွာ မဲပေးနိုင်ဖို့အတွက် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနနဲ့ အကြိမ်ကြိမ် ညှိနှိုင်း ဆောင်ရွက်ခဲ့ပါတယ်၊ နိုင်ငံရေး ပါတီတွေ မဲဆွယ် စည်းရုံးရာမှာ လိုက်နာရမယ့် စံ လုပ်ငန်း လမ်းညွှန် အပိုင်း(၁)၊ မဲဆန္ဒရှင် ပြည်သူတွေ၊ မဲရုံဝန်ထမ်းတွေ၊ လေ့လာသူတွေ လိုက်နာရမယ့် စံလုပ်ငန်း လမ်းညွှန် အပိုင်း(၂) တွေ ထုတ်ပြန်နိုင်ခဲ့ပါတယ်၊ အခုဆိုရင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွက် ၉၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေစွာ ဆန္ဒမဲ ပေးနိုင်ရေးအတွက် Stay at home သတ်မှတ်မြို့နယ် များနှင့် လူဦးရေ ထူထပ်သည့် မြို့နယ်များတွင် နေထိုင်သည့် အသက်၆၀ နှင့်အထက် ရှိသူများထံ အိမ်တိုင်ယာရောက် ဆန္ဒမဲ ရယူမည်ဖြစ်ကြောင်း၊ အလားတူ နာမကျန်းသူ၊ မီးဖွားသူ၊ အနာကြီး ရောဂါသည် စသည့် မဲရုံသို့ ထွက်လာရန် အခက်အခဲရှိသူများထံသို့လည်း အိမ်တိုင်ယာရောက် ဆန္ဒမဲ ရယူပေးမည် ဖြစ်ကြောင်း၊ COVID-19 ရောဂါဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာရသဖြင့် မဲဆန္ဒနယ် ပြင်ပသို့ ရောက်ရှိနေသူများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ၎င်းတို့ရောက်ရှိရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ ပုံစံ(၁၅) တင်ပြ လျှောက်ထားပါက သက်ဆိုင်ရာ မြို့နယ် အချင်းချင်း ချိတ်ဆက်ပြီး မဲလက်မှတ်ရရှိရေး စီစဉ်ထားရှိပြီး ဖြစ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးကလည်း အရေးကြီးသလို ရွေးကောက်ပွဲ အောင်မြင်ရေးကလည်း အရေးကြီးနေချိန်တွင် မဲဆန္ဒရှင် ပြည်သူများ ဘေးရန်ကင်းကွာ လုံခြုံ စိတ်ချစွာ မဲပေးနိုင်ရေး အတွက် COVID-19 ကာလအတွင်း အလားတူ ရွေးကောက်ပွဲ ကျင်းပနေသည့် တောင်ကိုရီးယား၊ ဂျပန် နှင့် သီရိလင်္ကာ နိုင်ငံတို့တွင် ရွေးကောက်ပွဲ ကျင်းပကြသည်များကို လေ့လာကာ နမူနာကောင်းများ ရယူ ပြင်ဆင် ထားရှိပြီး ဖြစ်ကြောင်း၊ ပြည်ပရောက် မဲဆန္ဒရှင် ပြည်သူများအတွက် ကြိုတင်မဲပေးခြင်းများ စနစ်တကျ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊လတ်တလောအားဖြင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများ ကိုလည်း ကြေညာထားပြီးဖြစ်ကြောင်း ဦးမြင့်နိုင်က ဖြည့်စွက် ပြောကြားခဲ့သည်။

“ မဲဆန္ဒနယ်တွေအားလုံး ကျင်းပနိုင်ခြင်း ရှိ မရှိအခြေအနေကို ပြီးခဲ့တဲ့ သုံးလေး လ လောက်ကလည်းပဲ ကျွန်တော်တို့ သက်ဆိုင်ရာပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာန၊ ကာကွယ်ရေး ဌာန၊ ပြည်ထဲရေးဌာန သူတို့ဆီက သဘောထားမှတ်ချက်တွေကို တောင်းခံရယူခဲ့ပါ တယ်။ အဲ့ဒီသဘောထားမှတ်ချက်တွေကို ကျွန်တော်တို့ စိစစ်လေ့လာပါတယ်၊ နောက်ပြီးတော့ ကျွန်တော်တို့ ဒါတွေကို မကြေညာခင်မှာလည်းပဲ ဒုတိယအကြိမ်အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဌာနတွေကို ထပ်မံပြီးတော့မှ အရင်တုန်းက ပထမအကြိမ် သဘောထားမှတ်ချက်အခြေအနေနဲ့ အခုဘာတွေများ ကွဲပြားခြားနား လာသလဲ၊ ဘယ်လို တိုးတက်မှုရှိသလဲ၊ ဘယ်လိုအပြောင်းအလဲတွေရှိသလဲ ကျွန်တော်တို့ မေးမြန်းခဲ့ပါတယ်။အဲ့လို မေးမြန်းခဲ့တဲ့အပေါ်မှာ သူတို့ရဲ့ သဘောထားမှတ်ချက်တွေနဲ့ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်က တင်ပြချက်တွေ ဒါတွေကို စုစည်းပြီးတော့ သုံးသပ်ပြီးတော့ ဒီလို ကြေညာ လိုက်ခြင်းဖြစ်ပါတယ်” ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာပေါင်း ၁၅ နေရာ ရှိရာ ရှမ်းပြည်နယ်တွင် ခြောက်နေရာနှင့် ရခိုင်ပြည်နယ်တွင် ကိုးနေရာ ဖြစ်ပြီး မကျင်းပနိုင်ဟု ကြေညာထားသည့် အမ်းမြို့နယ်နှင့် ကျင်းပ မည်ဟု ကြေညာထားသည့် ပလက်၀ မြို့နယ်တို့ကို ပြန်လည် သုံးသပ် စိစစ်သွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117