Connect with us

Politics, Law & Military

ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ဒေသများတွင် ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ရေး ဆောင်ရွက်မည် ဟု ဆို

သမ္မတအိမ်တော် အထူးသတင်းစာရှင်းပွဲတစ်ခုတွင် ဦးဇော်ဌေး ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) သတင်းရေးသားသူ – စိုးသန်းလင်း

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် နေ့ရက်၌ မကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသများနှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင် မြို့နယ် အစ ရှိသည် တို့တွင် ကြားဖြတ်ရွေးကောက် ပွဲ အမြန်ဆုံး ကျင်းပနိုင်ရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များ စာမျက်နှာတွင် ဖြေကြားခဲ့သည်။

“ကျန်ခဲ့တဲ့နေရာတွေမှာ အမြန်ဆုံး ကျင်းပနိုင်ရေး ညှိနှိုင်း ဆွေးနွေးမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသများတွင် အစိုးရအသစ် မဖွဲ့မီ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရေးနှင့် ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ULA/ AA အဖွဲ့က ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်နိုင်ခြင်း မရှိခဲ့သည့် မြို့နယ် များ၌ ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်မီ ကျင်းပနိုင်ရန် မေတ္တာရပ်ခံ တိုက်တွန်းသော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ‘အဆိုပါ နေရာများ၌ ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရန်အတွက် ပထမဆုံးအနေဖြင့် မိမိတို့သည် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲခြင်းအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံ သက်တမ်း တိုးမြှင်ခဲ့ပြီး ဖြစ်ပါသည်’ ဟု ဖော်ပြပါရှိသည်။

ထို့အတူ အဆိုပါ ULA/ AA အဖွဲ့၏ ထုတ်ပြန်ချက်အား တပ်မတော်က ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိနေ သည့် နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်အတွင်း၌ လည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ နိုင်ရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်သွားပါရန် တိုက်တွန်း ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ နိုဝင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) က နိုဝင်ဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင်လည်း လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပ နိုင်သည့် လုံခြုံရေး အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ရသော နယ်မြေ ဒေသများ၊ ယင်းနယ်မြေ ဒေသများရှိ ပြည်သူများ အားလုံးအတွက် အထူးပင် စိတ်မကောင်း ဖြစ်ရကြောင်း၊ ယင်းနယ်မြေ ဒေသများ တည်ငြိမ် အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံး ကျင်းပနိုင်သည့် အခြေအနေ ရောက်ရှိအောင် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများ အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် အထူး မေတ္တာရပ်ခံကြောင်း ထုတ်ပြန် ထားပြီး ဖြစ်သည်။

ထိုသို့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အဆိုပါ နေရာ များတွင် ပွင့်လင်းပြီး လွတ်လပ်၍ တရားမျှတသော စံ ငါးချက်နှင့် ကိုက်ညီမှု ရှိရေးအတွက် သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများထံမှ သဘောထား မှတ်ချက်များ တောင်းခံ ရယူပြီး ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယခုလာမည့် တတိယ အကြိမ် လွှတ်တော်အစ တွင် ပါဝင်နိုင်ရေး ဆောင်ရွက်သွား မည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၁ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.