Connect with us

Politics, Law & Military

ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် ၁၁၁ ဦး အမည်စာရင်း ထပ်မံကြေညာ ၊ ကိုယ်စားလှယ်ပေါင်း ၆၅၀ ဦးထိ အတည်ပြု ကြေညာထားပြီးဖြစ်

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ခု၌ ဆန္ဒမဲများ ရေတွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

လွှတ်တော်အသီးသီးအတွက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ၁၁၁ ဦး၏ အမည်စာရင်းများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ယနေ့ နံနက်ပိုင်းတွင် ထပ်မံထုတ်ပြန်ခဲ့ပြီးနောက် ကော်မရှင်က ကိုယ်စားလှယ် စုစုပေါင်း ၆၅၀ ဦး အထိ အတည်ပြုကြေညာထားပြီး ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ယနေ့ နံနက်ပိုင်းအချိန်အထိ အတည်ပြုကြေညာထားမှုအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ကိုယ်စားလှယ်ပေါင်း ၅၄၉ ဦး ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်ပေါင်း ၄၀ ဦး နှင့် အခြားပါတီများမှ ကိုယ်စားလှယ် ၆၁ ဦးဖြင့် အသီးသီးအနိုင်ရရှိထားကြောင်း သိရသည်။

ယခုအချိန်ထိ ကိုယ်စားလှယ် အများဆုံး အနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၁၆၁ ဦး ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ၈၂ ဦး ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်တွင် ၃၀၁ ဦး နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ၅ ဦးတို့အထိ အသီးသီး အနိုင်ရရှိထားကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လစ်လပ်မဲဆန္ဒနယ် ၁၁၁၇ နယ်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး ၊ နိုင်ငံရေးပါတီ ၈၇ ခု မှ ကိုယ်စားလှယ်လောင်းများ အပါအဝင် စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ကြခဲ့ကြောင်း သိရသည်။ (Xinhua)