Connect with us

Politics, Law & Military

ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင်ရဲကင်းစခန်းဝင်ရောက်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၁၀ဦးနှင့် မိသားစုဝင် ၃ ဦးပျောက်ဆုံး

ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာပြ မြပုံအား တွေ့ရစဉ် (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် သဇင်မြိုင်ရဲကင်းစခန်းအား ယနေ့ (မေ ၂၉ ရက်) နံနက် ၂နာရီခန့်က AA အကြမ်းဖက်သောင်းကျန်းသူများ အင်အား ၁၀၀ခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ဦး၊ မိသားစုဝင် (ကလေးတစ်ဦးအပါ) ၃ဦးပျောက်ဆုံးနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချူပ်ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။

” ပျောက်ဆုံးနေတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ မိသားစုတွေအကုန်လုံး သူတို့ဖမ်းသွားတာတော့ မဖြစ်နိုင်ပါဘူး၊ ကျဆုံးတာတွေလည်းရှိမယ်၊ သူတို့ ဖမ်းမိသွားတာတွေလည်းရှိမယ်၊ ကျွန်တော်တို့ တပ်မတော်စစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ စစ်ကူပေးဖို့ သွားပူးပေါင်းနေပါတယ်” ဟု ဗိုလ်မှူးချူပ်ဇော်မင်းထွန်းက ဆိုသည်။

အဆိုပါ ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင် ရဲကင်းစခန်း၏ အနောက်ဘက်မှ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး လက်နက်ငယ်များ အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ သဇင်မြိုင်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့သည် မနက် ၅ နာရီချိန်ခန့်တွင် အင်အားချင်းမမျှသဖြင့် ပင်မစခန်းမှ ကာကင်းကုန်းစခန်းသို့ သွားရောက်ပူးပေါင်းစဉ် ရဲတပ်ဖွဲ့ဝင်အချို့ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရဲကင်းစခန်းသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် တပ်မတော် စစ်ကြောင်းများက စစ်ကူပေးနိုင်ရန် သွားရောက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများသည်၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီ ၄ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော် နှင့်ကျောက်တောင် ရဲကင်းစခန်း ၄ ခုအားလည်းကောင်း၊ မတ် ၉ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ် ရဲကင်းစခန်းအားလည်းကောင်း၊ ဧပြီ ၁ ရက်တွင်မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်အားလည်းကောင်း၊ ဇူလိုင် ၁၆ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေရဲကင်းစခန်းအားလည်းကောင်း အသီးသီးတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂၅ ဦး ကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်အချို့နှင့် မိသားစုဝင်အချို့ (ကလေးများအပါအဝင်) ဖမ်းဆီးခြင်း ခံထားရကြောင်း  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။  (Xinhua)