Connect with us

Politics, Law & Military

လားရှိုး-မန္တလေး သွား ကားလမ်းတွင် မော်တော်ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း ၆ ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူများတွေ့ရှိ ၊  ကွင်းဆက်တရားခံများအား ထပ်မံဖမ်းဆီးရမိ

သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ) 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် လားရှိုး-မန္တလေး သွား ကားလမ်းတွင် မော်တော်ယာဉ်တစ်စီးပေါ်မှ သိုဝှက်သယ်ဆောင်လာသော ကျပ်သိန်း ၆ ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူများ တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ကွင်းဆက်တရားခံများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ယနေ့ ဩဂုတ် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

လားရှိုး-မန္တလေး သွား ကားလမ်းတွင် ဩဂုတ် ၂၈ ရက်က လားရှိုးဘက်မှ ပြင်ဦးလွင်ဘက်သို့ မောင်းနှင်လာသည့် တွဲကားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၈.၈ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၆၁၆၀ )နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ် ၂၈ ရက် နှင့် ၂၉ ရက်တို့တွင် တရားခံ ၁၀ ဦးအား အသီးသီး ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ အဆိုပါ ဖမ်းဆီးရမိမှုများအား ပြင်စာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေး ယူပြီး ကွင်းဆက်များအား ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)