Connect with us

Politics, Law & Military

လိပ်ကျွန်းလူသတ်မှု နှင့်ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဌာန ညွှန်ကြားရေးမှူး Mr. Chatchai Viriyavejakul နှင့်ဆွေးနွေးခဲ့ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ သံရုံးယာယီတာဝန်ခံ ဦးဟောက်ခံဆုမ်နှင့် တာဝန်ရှိသူများ ထိုင်းရှေ့နေများကောင်စီ ဒုတိယဥက္ကဌ Mr. Damrongsak Kruakaew အား သွားရောက်တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-- MOFA)

ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦး ကိစ္စ နှင့် ပတ်သက်၍ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ တာဝန်ရှိသူများသည် ၇-၃-၂၀၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဌာန ညွှန်ကြားရေးမှူး Mr. Chatchai Viriyavejakul နှင့်ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်း (Koh Tao) လူသတ်မှုနှင့်ပတ်သက်၍ စွပ်စွဲခံရသည့် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏အမှုကို ၁-၃-၂၀၁၇ ရက်နေ့တွင် အယူခံ တရားရုံးကပယ်ချခဲ့ပြီး ရာဇဝတ်တရားရုံးက ချမှတ်ထားခဲ့သည့်ပြစ်ဒဏ်ကို ဆက်လက်အတည် ပြုခဲ့ပါသည်။ သို့ရာတွင် တရားခံ၏ရှေ့နေများသည် နောက်ဆုံးအဆင့်အဖြစ် ရက်ပေါင်း (၃၀) အတွင်း ထိုင်းနိုင်ငံ၏ အမြင့်ဆုံးဖြစ်သော ဗဟိုတရားရုံးချုပ်သို့ ဆက်လက်အယူခံဝင်ခွင့်ရှိဦးမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းအယူခံတရားရုံးသို့ အယူခံဝင်နိုင်ရန်ပြင်ဆင်ခဲ့သည့် အချိန်တွင် ထိုင်းရှေ့နေများကောင်စီနှင့် အကြံပေးဆွေးနွေးနိုင်ရန်အတွက် မြန်မာနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေအကြံပေးအဖွဲ့ကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလက စေလွှတ်ခဲ့သည့်နည်းတူ ယခုအကြိမ် ထိုင်းဗဟိုတရားရုံးချုပ်သို့ အယူခံဝင်မည့် ကိစ္စတွင်လည်း မြန်မာနိုင်ငံမှ ဥပဒေအကြံပေးအဖွဲ့တစ်ဖွဲ့ စေလွှတ်နိုင်ရေးအတွက် မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ထို့အပြင် မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် Foundation of Education Development မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နှင့် သံရုံးစကားပြန်တို့မှ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ နှစ်ဦးအား ၈-၃-၂၀၁၇ ရက်နေ့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့၏လိုအပ်ချက်များကို မေးမြန်းခဲ့ကာ အားပေးစကားပြောကြားခဲ့ကြောင်း၊ ထိုင်းရှေ့နေများကောင်စီ ဒုတိယဥက္ကဌ Mr. Damrongsak Kruakaew ဦးဆောင်သော ရှေ့နေများအဖွဲ့ကိုလည်း မြန်မာသံရုံးမှ တာဝန်ရှိသူများမှ မတ်လ (၈)ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.