Connect with us

Politics, Law & Military

အမျိုးသားလွှတ်တော်အနေဖြင့် မေးခွန်းပေါင်း ၄၄၄ ခုနှင့် အဆိုလေးခုမေးမြန်းတင်သွင်းခဲ့

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

အစိုးရသစ်၏ တစ်နှစ်တာကာလအတွင်း အမျိုးသားလွှတ်တော်အနေဖြင့် မေးခွန်းပေါင်း ၄၄၄ ခုနှင့် အဆိုလေးခုမေးမြန်းတင်သွင်းခဲ့ကြောင်း၊ ၎င်းတို့ အနက်မှ ပြည်ထောင်စုအဖွဲ့ဝင်များက ဆောင်ရွက်ပေးရန် ကတိပေးခဲ့သည့် မေးခွန်း ၂၄၆ ခု၊ အတည်ပြုအဆို တစ်ခု၊ အတည်မပြုအဆို တစ်ခုနှင့် မှတ်တမ်းတင်အဆို နှစ်ခုရှိခဲ့ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူသို့ အသိပေးတင်ပြခဲ့သည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီကို အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄(က)၊ နည်း ဥပဒေ ၄၄(က)အရ ဖွဲ့စည်းခဲ့ပြီး အဆိုပါ ဥပဒေကြမ်းကော်မတီအနေဖြင့် အစိုးရသစ် တာဝန်ယူခဲ့သည့် တစ်နှစ်အတွင်း အမျိုးသားလွှတ်တော်၌ စတင်ဆွေးနွေးသည့် ဥပဒေပေါင်း ၂၂ ခုအနက် ၁၅ ခု ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ကျန်ဥပဒေ ငါးခုမှာ ဆောင်ရွက် နေဆဲဖြစ်ပြီး ဥပဒေနှစ်ခုကို ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားကြောင်း၊ ပြည်သူ့လွှတ်တော်၌စတင်ပြီး အမျိုးသား လွှတ်တော်သို့ပေးပို့လာသော ဥပဒေ ၁၁ ခုအနက် ကိုးခုမှာ ဆောင်ရွက်ပြီးစီး၍ နှစ်ခုမှာ ဆောင်ရွက်နေ ဆဲဖြစ်ကြောင်း၊ တစ်နှစ်တာကာလအတွင်း ဥပဒေပေါင်း ၂၄ ခု တာဝန်ယူ ဆောင်ရွက်ပြီးစီးခဲ့ပြီး ကိုးခုမှာ ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။

တိုင်ကြားစာပေါင်း ၄၃၆၇ စောင်

အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာ ကော်မတီကို လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကော်မတီစတင်ဖွဲ့စည်းချိန်မှ ယခုနှစ် ဇန်နဝါရီလကုန်အထိ တိုင်ကြားစာပေါင်း ၄၃၆၇ စောင် လက်ခံရရှိခဲ့ပြီး မိတ္တူ ၁၃ဝ၇ စောင်နှင့် လယ်ယာမြေအမှုတွဲ ၅၅၅ စောင်ပါဝင်ကြောင်း၊ ယင်းတိုင်ကြားစာများ အနက် တရားရုံးတစ်ခုခုမှ ဆုံးဖြတ်ချက်ချမှတ်ခြင်း မပြု ရသေးသော ကိစ္စရပ်များမှအပ မှန်ကန်သော တိုင်ကြား ချက်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လယ်ယာမြေ အမှုတွဲ ၃၅၈ စောင်

လယ်ယာမြေနှင့် အခြားလယ်မြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးဗဟိုကော်မတီသို့ လယ်ယာမြေ အမှုတွဲ ၃၅၈ စောင် လွှဲပြောင်းပေးပို့နိုင်ခဲ့ပြီး တိုင်ကြားလာသော ကာယကံရှင်များထံ ပြန်ကြားစာစောင် ၁၄၁ စောင် ပြန်ကြားဆောင်ရွက်ခဲ့နိုင်ကြောင်း၊ တိုင်ကြားစာကော်မတီသည် ပြည်သူတို့၏နစ်နာချက်များ၊ လိုအပ်ချက်များကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

ရေးရာကော်မတီ ၁၂ ရပ်

အမျိုးသားလွှတ်တော်သည် ပြည်သူတို့၏ အကျိုးအတွက် ဖွဲ့စည်းထားရှိသော ရေးရာကော်မတီ ၁၂ ရပ်ဖြင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကော်မတီအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပညာရှင်များ၊ အသင်းအဖွဲ့များကို ဖိတ်ကြား၍ ဥပဒေများ ပိုမိုခိုင်မာအားကောင်းစေရန် အစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ခြင်း၊ ပြည်သူ့လိုလားချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ကွင်းဆင်းလေ့လာညှိနှိုင်း ဖြေရှင်းမှုများ ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာကော်မတီများသို့ ရောက်ရှိလာသော တိုင်ကြားစာများကို စစ်ဆေး၍ ပြည်သူတို့၏ မူလအခွင့်အရေးများ မနစ်နာစေရေးအတွက် ဖြေရှင်းပေးခြင်းများကို ကော်မတီများ အလိုက် ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူသို့ ထည့်သွင်းတင်ပြခဲ့သည်။

ပြည်သူ့ရေးရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ရန် အမြဲတမ်းကော်မတီ (၄) ရပ်နှင့် လွှတ်တော်ရေးရာကော်မတီ (၁၂) ရပ်ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တစ်နှစ်တာအတွင်း ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးတင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.