Connect with us

Politics, Law & Military

လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေး များ ဆွေးနွေး

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တို့ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေး များကို ဆွေးနွေးကြကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လိုက်ပါသွားခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲချုပ် အောင်ဝင်းဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် (Inspector General) Dr. Mohammad Zabed Patwary နှင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဒေသစံတော်ချိန် နံနက် (၉)နာရီတွင် ဒါကာမြို့၌ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးရာတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရဲတပ်ဖွဲ့ အချင်းချင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအစီအမံများ၊ မှုခင်းဆိုင်ရာသတင်းအချက်အလက်ဖလှယ်မှု တိုးမြှင့်ဆောင်ရွက်ရေး အစီအမံများ၊ နယ်စပ်ဒေသတွင် မူးယစ်ဆေးဝါးတရားမဝင်သယ်ဆောင်ရောင်းဝယ်မှု၊ အကြမ်း ဖက်မှု၊ နယ်စပ်ဆက်ဆံရေးရုံး(BLO)ဖွင့်လှစ်ရေး အဆင့်မြင့်အရာရှိကြီးများအဆင့်နှင့် ဗဟို အဆင့်များတွင် အချိန်နှင့်တစ်ပြေးညီဆက်သွယ်ဆက်ဆံရေးတို့အတွက် ညှိနှိုင်းဆွေးနွေးပြီး နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးသဘောတူညီခဲ့သည့် ကိစ္စရပ်များအပေါ် ရဲတပ်ဖွဲ့နှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်များအား ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကို၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီးမှူး အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူး၊ သတင်းရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့မှူးများတက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲချုပ်နှင့်အတူ ဒုတိယရဲချုပ်၊ ဒါကာမြို့တော်ရဲအဖွဲ့အရာရှိချုပ်၊ မှုခင်းစုံစမ်းစစ်ဆေးရေး ရဲအရာရှိချုပ်၊ ရဲသတင်း ထောက်လှမ်းရေးမှူးချုပ်၊ အရေးပေါ်မှုခင်းအခြေအနေများတွင် တုန့်ပြန်ဆောင်ရွက်ရေးရဲအဖွဲ့ အကြီးအကဲ၊ အင်တာပိုလ်(ဒါကာ)တာဝန်ခံအရာရှိနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ တက်ရောက်ခဲ့ ကြသည်။(Xinhua)