Connect with us

Politics, Law & Military

ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံ ပြင်ဆင် ရေးဆွဲရေး အချိန်ဆောလျင်စွာ ပြီးစီးနိုင်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆို

နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပသော ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ညှိနှိုင်း အစည်းအဝေး အားတွေ့ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင် ရေးဆွဲရေးသည် မှန်းထားသည့် အချိန်ထက် ဆောလျင်စွာ ပြီးစီးနိုင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပသော ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံ ပြင်ဆင် ရေးဆွဲခြင်းအား အမြန်ဆုံး အကောင်အထည် ဖော်ရန် ကူညီ ဆောင်ရွက်ပေးကြသည့် အတွက် ကျေးဇူး တင်ပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှုများသည် အတော်အတန် ခရီးရောက်နေပြီ ဖြစ်ပြီး ကြိုတင် ပြင်ဆင်ရေး၊ ပြုပြင်ရေး လုပ်ငန်းများ ခရီးရောက်နေပြီ ဖြစ်သည့်အတွက် မှန်းထားသည့် အချိန်ထက် ဆောလျင်စွာ ပြီးစီးမည်ဟု ယူဆပါကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရက် ၁၀၀ အတွင်း ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ သီးခြား အစည်းအဝေးများတွင် တင်ပြ ဆောင်ရွက်ရန် ဝန်ကြီးဌာနများမှ ဝန်ကြီးများကို မှာကြားခဲ့သည်။

ယင်း ဖွဲ့စည်းပုံ ပြန်လည် ပြင်ဆင်ရာတွင် ရည်ရွယ်ထားသည့် လုပ်ငန်းစဉ်များနှင့် ကိုက်ညီရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနများ ဖွဲ့စည်းမှုကို ယခင်က တစ်လ ၊ နှစ်လခန့် ကြာမြင့်မည်ဟု ခန့်မှန်း ထားသော်လည်း ယခုဆောလျင်စွာ ဖွဲ့စည်းနိုင်မည်ဟု ထင်ပါကြောင်း၊ ဆောလျင်စွာ ဖွဲ့စည်းနိုင်ပါက မြန်မြန် ဆန်ဆန် အလုပ်ဖြစ်မည် ဖြစ်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များနှင့် နိုင်ငံတော်သမ္မတရုံး ဖွဲ့စည်းပုံ ပြင်ဆင်ရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌတို့က ဝန်ကြီးဌာနများ ဖွဲ့စည်းပုံအသစ် ပြင်ဆင် ရေးဆွဲမှုနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်း အတွင်းဝန်က စာရင်းစစ်ချုပ်ရုံး၏ သဘောထား မှတ်ချက်ကို ဆွေးနွေးတင်ပြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.