Connect with us

Politics, Law & Military

သန်လျင် ဓာတ်အားပေး စက်ရုံ ဇွန်လတွင် မဂ္ဂါဝပ် ၂၀၀ စတင် ထုတ်လွှတ်ပေးမည်ဟု ဆို

ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပနေစဉ် (ဓါတ်ပုံ- Hluttaw Channel)

နေပြည်တော်၊ မေ ၁၉ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား လုံလောက်စေရေး အတွက် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက တင်ဒါခေါ်ယူ ဆောင်ရွက်ထားသော သဘာ၀ ဓာတ်ငွေ့ရည် (LNG:_ Liquefied Natural Gas) ဓာတ်အားပေး စက်ရုံများအနက် ဓာတ်အား မဂ္ဂါဝပ် ၃၅၀ ထုတ်လွှတ်ပေးနိုင်မည့် သန်လျင် LNG Power Plant စက်ရုံသည် လာမည့် ဇွန်လ၌ မဂ္ဂါဝပ် ၂၀၀ ကို စတင် ထုတ်လွှတ်ပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“LNG Power စီမံကိန်းတွေဟာ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် စက်များ ရောက်ရှိမှု နောက်ကျခြင်း၊ ကျွမ်းကျင်ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်ရန် ကန့်သတ်မှုများကြောင့် နောက်ကျခြင်းတို့ ဖြစ်ပေါ်ခဲ့ပေမယ့် ဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းများ ဆောလျဉ်စွာ ပြီးစီးရန် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းခြင်းဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်” ဟုလည်း ၎င်းကဆိုသည်။

 ကျောက်တံတား မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်၏ “LNG စီမံကန်းများ တည်ဆောက် ပြီးစီးမှု အခြေအနေ” မေးခွန်းအား ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်ပြီး သန်လျင် LNG ဓာတ်အားပေး စက်ရုံကို MTU (ဂျာမနီ)၊ Wartsila (ဖင်လန်) စက်တို့ အသုံးပြုထားပြီး စီမံကိန်း တစ်ခုလုံး ပြီးစီးမှု အခြေအနေမှာ ၆၉ ဒသမ ၄ ရာခိုင်နှုန်း ရှိကြောင်းနှင့် စက်စွမ်းအားပြည့် စတင်လည်ပတ်နိုင်မည့် ရက် (COD: _ Commercial Operation Date) မှာ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၆ ရက်နေ့ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ဆိုသည်။

ကျန် LNG စက်ရုံ နှစ်ရုံဖြစ်သည့် ရန်ကုန် သာကေတ နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူ ဓာတ်အား ပေး စက်ရုံတို့သည် ၄၀၀ မဂ္ဂါဝပ်နှင့် ၁၅၀ မဂ္ဂါဝပ် အသီးသီး ထွက်ရှိကြမည် ဖြစ်ပြီး သာကေတ စက်ရုံသည် စီမံကိန်း တစ်ခုလုံး၏ ၈၂ ဒသမ ၄ ရာခိုင်နှုန်း ပြီးစီးနေပြီး COD ကို ၂၀၂၀ မေလ အကုန်၌လည်းကောင်း၊ ကျောက်ဖြူစက်ရုံသည် စီမံကိန်းတစ်ခုလုံး၏ ၆၈ ဒသမ ၆ ရာခိုင်နှုန်း ပြီးစီး လျက်ရှိပြီး COD ကို ၂၀၂၀ စက်တင်ဘာတွင်လည်းကောင်း ခန့်မှန်းထားကြောင်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။

နိုင်ငံတော်၏ ၂၀၂၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းနိုင်ရေး စီမံကိန်း ခုနစ်ခုအနက် အဆိုပါ LNG စီမံကိန်းသုံးခုအပြင် စက်စွမ်းရည် အဆင့်မြှင့်တင်သော စီမံကိန်း သုံးခုဖြစ်ကြသည့် ကျွန်းချောင်း ဓာတ်အားပေးစီမံကိန်းမှ ၂၀ မဂ္ဂါဝပ်၊ အလုံ စီမံကိန်းက ၁၅၁ ဒသမ ၅၄ မဂ္ဂါဝပ်၊ ရွှေတောင် စီမံကိန်းက ၂၈ မဂ္ဂါဝပ်၊ နေရာပြောင်း စက်ရုံ ဖြစ်သည့် မကွေး စီမံကိန်းမှ ၆၆ မဂ္ဂါဝပ်တို့ အသီးသီး ထွက်ရှိကြမည်ဖြစ်ကြောင်း၊ LNG စက်ရုံ သုံးခုမှ ၉၀၀ မဂ္ဂါဝပ်နှင့်ဆိုလျှင်  အဆိုပါ စီမံကိန်း ခုနစ်ခုက ဓာတ်အား စုစုပေါင်း ၁၁၆၅ ဒသမ ၅၄ မဂ္ဂါဝပ် ထွက်ရှိလာမည် ဖြစ်ကြောင်း၊ ကျွန်းချောင်းစက်ရုံ၏ COD ခန့်မှန်း ရက်မှာ ၂၀၂၀ မေလ ၁၉ ရက်၊ အလုံ စက်ရုံ၏ COD မှာ ၂၀၂၀ ဇူလိုင် ၁၃ ရက်၊ မကွေးစက်ရုံ၏ COD သည် ၂၀၁၉ ဒီဇင်ဘာ ၁၃၊ ရွှေတောင် စက်ရုံ COD သည် ၂၀၂၀ ဇွန်လ ၁၀ ရက် ဖြစ်ကြောင်းလည်း ၎င်းက ဖြေကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.