Connect with us

Politics, Law & Military

ဝါရှောင်-ကန်ပိုက်တီ-တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသော လမ်းမကြီးအား COVID-19 အလွန်၌ ပြုပြင်ပေးမည်ဟု ဆို

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပနေစဉ်။ (ဓာတ်ပုံ - လွှတ်တော် Channel)

နေပြည်တော်၊ မေ ၁၈ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တီမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ဆက်သွယ်ထားသော ၁၁၄ ဒသမ ၂၆ ကီလိုမီတာ ရှည်လျားသည့် လမ်းပိုင်းအား COVID -19 အလွန်ကာလတွင် ပြန်လည် ပြင်ဆင်ပေးသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာကျော်လင်းက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့ သည်။

“ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထိန်းသိမ်းထားတဲ့ လမ်းအရှည် ၁၉ ကီလိုမီတာအတွင်း ၁ ဒသမ ၆ ကီလိုမီတာကို အကျယ် ၅၀ ပေ လမ်းချဲ့ခြင်းတို့ ဆောင်ရွက်ထားပြီးပါပြီ ၊  နောင်လာမယ့် နှစ်များမှာ ရန်ပုံငွေ တင်ပြ တောင်းခံ၍ ရန်ပုံငွေ ရရှိမှုပေါ် မူတည်ပြီး လမ်းချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထိန်ပင် ကုမ္ပဏီက ဆောင်ရွက် သော လမ်းပိုင်း (၉၅ ကီလိုမီတာအတွင်း) ပျက်စီးမှုများကို ပြုပြင် ဆောင်ရွက်နိုင်ရန်အတွက် ထိန်ပင်ကုမ္ပဏီနှင့် ညှိနှိုင်း လျက် ရှိပြီး COVID-19 အလွန်ကာလများမှာ ပြန်လည်ပြင်ဆင် ပေးသွားပါမယ်” ဟု ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ဝိုင်းမော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး၏ မေးခွန်းအပေါ် ဒုတိယ ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လမ်းနှင့် ပတ်သက်၍ တရုတ် – မြန်မာ နယ်နိမိတ် တောင်ဘက် မိုင်တိုင်(၄)မှ  မြန်မာ နိုင်ငံ ဝါရှောင်အထိ ကားလမ်း ဖောက်လုပ်ရေး သဘောတူ စာချုပ်အား ၂၀၀၃ ခုနှစ်တွင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ တိန်ချုန်းခရိုင် အစိုးရ အဖွဲ့နှင့် မြစ်ကြီးနား ခရိုင် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီတို့ နှစ်နိုင်ငံ ချစ်ကြည်ရေး စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ထိန်ပင် ကုမ္ပဏီနှင့် ဆောက်လုပ် ရေး ဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းတို့ စာချုပ်ပြင်ဆင် ချုပ်ဆိုပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး အကူအညီ အနေဖြင့် ထိန်ပင် ကုမ္ပဏီက ကတ္တရာ ကွန်ကရစ်လမ်းကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် အပြီး ဖောက်လုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထိန်ပင် ကုမ္ပဏီက နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးတက်ရန် အဆိုပါ လမ်းအား နှစ် ၂၀ ကြာ ပြုပြင် ထိန်းသိမ်း ပေးမည်ဟု စာချုပ်တွင် ပါရှိကြောင်း၊ ယခု လမ်း၏ သက်တမ်း ၁၄ နှစ် ရှိပြီးဖြစ်သောကြောင့် လမ်းသား ပေါက်ပြဲခြင်း၊ နိမ့်ကျွံ ပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါ လမ်းပိုင်းကိုအပိုင်း နှစ်ပိုင်းခွဲ၍ မြစ်ကြီးနားမှ ဝါရှောင် အထိ ၁၉ ဒသမ ၀၆ ကီလိုမီတာကို ဆောက်လုပ်ရေး ဝန်ကြီးဌာန မြစ်ကြီးနားခရိုင် လမ်းဦးစီးဌာနက စီမံ ခန့်ခွဲ ပြုပြင်လျက် ရှိပြီး ဝါရှောင်မှ ကန်ပိုက်တီး အထိ ၉၅ ကီလိုမီတာကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ထိန်ပင်ကုမ္ပဏီက ပြုပြင် ထိန်းသိမ်းလျက် ရှိကြောင်းနှင့် ၎င်းလမ်းပေါ်၌ လမ်း အသုံးပြုခ ငွေကြေး ကောက်ခံခြင်းများ မရှိကြောင်းလည်း ဒုတိယ ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)