Connect with us

Politics, Law & Military

အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရန်  ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကို ခေတ္တဆိုင်းငံ့ထားမည်ဟု ဆို

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပနေစဉ်။ (Hluttaw Channel)

နေပြည်တော်၊ မေ ၂၁ ရက် (ဆင်ဟွာ)

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များအပေါ်  ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အကြံပြု တင်ပြချက်နှင့် ပြည်ထောင်စု လွှတ်တော်၏ သဘောထားများအရ ခေတ္တ ဆိုင်းငံ့ထားရန် ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ကြေညာခဲ့သည်။

“ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပခြင်းကြောင့် နိုင်ငံတော်၏ ရေးရာ ကိစ္စရပ်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် လွှတ်တော်များ၏ လုပ်ငန်းများအပေါ် ပြောင်းလဲ အကျိုး သက်ရောက်မှု များစွာ မရှိသောကြောင့် လည်းကောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ ကုန်ကျမှု အခြေအနေအရ လည်း ကောင်း၊ နောင်တွင် ပေါ်ပေါက်လာနိုင်သည့် အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာများနှင့်အတူ ဆန္ဒခံယူပွဲ ပြုလုပ်မည် ဆိုပါက ပိုမို သင့်လျော်မှာ ဖြစ်ပါတယ်၊ သို့ဖြစ်ပါသောကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ကျင်းပခြင်းမပြုသေးဘဲ ခေတ္တ ဆိုင်းငံ့ထားသင့်ကြောင်း အကြံပြု ရှင်းလင်း တင်ပြပါတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင်က ကော်မရှင် ကိုယ်စား ပြည်ထောင်စု လွှတ်တော်သို့ ယနေ့ ရှင်းလင်း တင်ပြ ခဲ့သည်။

၎င်း၏ ရှင်းလင်းချက်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (က) ၌ အကျုံးဝင်သည့် ပထမ အကြိမ် လွှတ်တော်သက်တမ်းတွင် ပြင်ဆင်ခဲ့သော ပုဒ်မ ၅၉(ဃ)၊ ဒုတိယ အကြိမ် လွှတ်တော် သက်တမ်း၌ ပြင်ဆင်ထားသည့် ပုဒ်မ ၃၂(က) နှင့် ၃၂ (ခ) တို့အား ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲကို လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် အတူ ပူးတွဲ ဆောင်ရွက်နိုင်ရန် စီစဉ်ခဲ့ကြောင်း၊ အချိန်၊ လုပ်အားနှင့် ဘဏ္ဍာငွေ ကုန်ကျမှုများ သက်သာစေရန်ဖြစ်ကြောင်း၊ သို့ရာတွင် သီးခြား မဲပေးခန်းများ သတ်မှတ် ဆောင်ရွက်ရမည် ဖြစ်သောကြောင့် မဲရုံမှူးများ၊ အဖွဲ့ဝင်များ ခန့်အပ် ခြင်း၊ မဲဆန္ဒပြုရာတွင် အသုံးပြုရမည့် မဲစာရင်းများ၊ မဲလက်မှတ်များ၊ ကြိုတင် ဆန္ဒမဲ လက်မှတ်များ၊ ပုံစံ စာရွက်များ၊ ဆန္ဒပြုရန်နှင့် ရုံး လုပ်ငန်းများ ဆောင်ရွက်ရန် ရုံးသုံး စာရေးကိရိယာများ၊ မဲပုံးများ၊ ထုပ်ပိုး ပစ္စည်းများ စသည့် မဲရုံသုံး အထောက်အကူ ပစ္စည်းများကို ထပ်မံ ဖြည့်ဆည်း ဆောင်ရွက်ရ မည် ဖြစ်ကြောင်း၊ အဆိုပါ ပစ္စည်းများအား သက်ဆိုင်ရာ မဲရုံများသို့ အချိန်နှင့် တစ်ပြေးညီ အရောက်ပို့ဆောင်ရေး၊ စသည့် ပို့ဆောင်ခ၊ လုပ်အားခများ စရိတ်များလည်းရှိကြောင်း၊ အဆိုပါ စရိတ်များကို တွက်ချက်ရာတွင် နိုင်ငံတော် ဘဏ္ဍာမှ အနည်းဆုံး ကျပ် ၁၄၆၄၆ ဒသမ ၃၁၄ သန်း ကုန်ကျမည် ဖြစ်ကြောင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒခံယူ ပြင်ဆင် ဆောင်ရွက်ပေးရမည့် ပြဌာန်းချက် များမှာ ပုဒ်မ ၅၉(ဃ) ပါ “စစ်ရေး အမြင်” အစား “ကာကွယ်ရေး အမြင်”ဟု ပြင်ဆင် အစားထိုး ခြင်း၊ ပုဒ်မ ၃၂(က)နှင့် ၃၂(ခ) ပါ “မသန်မစွမ်း” အစား “ မသန်စွမ်း” ဟု ပြင်ဆင် အစား ထိုးခြင်း များ ဖြစ်ပြီး အဆိုပါ ပြင်ဆင် ပြဌာန်းမည့် အဆိုပြု ဖော်ပြချက်များသည် ပြည်ထောင်စု အစိုးရ အဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်များကိုလည်းကောင်း၊ လွှတ်တော်အသီးသီး၏ လုပ်ငန်း ဆောင်ရွက်ချက်များကိုသော်လည်းကောင်း၊ နိုင်ငံတော်၏ လုံခြုံရေးရာ ကိစ္စရပ်များတွင်လည်း ကောင်း ပြောင်းလဲမှု အကျိုးသက်ရောက်မှု များစွာ မရှိသေးသည်ကို လေ့လာတွေ့ရှိရကြောင်း ပါရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ရှင်းလင်းတင်ပြ အကြံပြုချက်များအပေါ် ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က “ကော်မရှင်ရဲ့ ရှင်းလင်း တင်ပြချက်ဟာ ကျိုးကြောင်း ညီညွတ်မှု ရှိတဲ့အတွက် လက်ခံ စဉ်းစား ဆောင်ရွက်သင့်တယ်လို့ နာယကအနေနဲ့ သုံးသပ် ပါတယ်” ဟု ပြောကာ လွှတ်တော်၏ သဘောထားကို ရယူခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အကြံပြုချက်အတိုင်း ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲကို ခေတ္တ ဆိုင်းငံ့ထားရန် ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ (Xinhua)