Connect with us

Politics, Law & Military

သမ္မတ နှင့် ပြည်ထောင်စု ဝန်ကြီး အသစ်များ မတ် ၃၀ ရက်တွင် လွှတ်တော်၌ ကျမ်းသစ္စာ ကျိန်ဆိုမည်

နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အသွင် ကူးပြောင်းရေးအဖွဲ့တို့အကြား ပဉ္စမအကြိမ် ညှိနှိုင်း အစည်းအဝေး နေပြည်တော်၌ ကျင်းပစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မတ် ၂၂ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်နှင့် ပြည်ထောင်စု ဝန်ကြီး အသစ်များ သည် မတ်လ ၃၀ ရက်တွင် လွှတ်တော်၌ ကျမ်းသစ္စာ ကျိန်ဆိုခြင်းများ ပြုလုပ်ပြီးနောက် နိုင်ငံတော် သမ္မတ တာဝန် လွှဲပြောင်းခြင်းအား သမ္မတ အိမ်တော်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ယနေ့မတ်လ ၂၂ ရက်တွင် ဆင်ဟွာသို့ပြောသည်။

ယနေ့နေပြည်တော်၌ ပြုလုပ်ခဲ့သော နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အသွင် ကူးပြောင်းရေးအဖွဲ့တို့အကြား ပဉ္စမအကြိမ် ညှိနှိုင်း အစည်းအဝေးနှင့် ပတ်သက်၍ “မတ်လ ၃၀ ရက်နေ့မှာ သမ္မတက မနက်ပိုင်း ကျမ်းသစ္စာ ကျိန်မယ်။ ဝန်ကြီးတွေ ကျမ်းသစ္စာ ကျိန်ဆိုမယ်။ နေ့ခင်းပိုင်းမှာ အိမ်တော်ကို သွားပြီးတော့ သမ္မတ အဟောင်းနဲ့ အသစ်နဲ့ တာဝန် လွှဲပြောင်းမယ်။ ညပိုင်း ညစာ စားပွဲ လုပ်မယ်။ အသေးစိတ် အစီအစဉ်တွေ ဆွေးနွေးတာပါ။

ဝန်ကြီး အဖွဲ့တွေ အတည်ပြုပြီးလို့ရှိရင် သက်ဆိုင်ရာ ဝန်ကြီး အဟောင်းနဲ့အသစ်နဲ့တွေ့ပြီးတော့မှ ဌာနဆိုင်ရာ လုပ်ငန်းတွေကို လွှဲပြောင်း လက်ခံကြမှာပါ။ အဲဒါက မတ်လ ၂၅ ရက်နေ့လောက် ဖြစ်ပါမယ်”ဟု NLD မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

ထို့ပြင် ပြည်ထောင်စု ဝန်ကြီးများအား ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးနောက် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ သွားရောက် လေ့လာမည့် အစီအစဉ်များ၊ ပြည်ထောင်စု ဝန်ကြီးအသစ်များထံ အပ်နံှမည့် အိမ်ရာများ ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုအစည်းအဝေးသို့ နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီမှ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနှင့် နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အသွင် ကူးပြောင်းရေး အဖွဲ့မှ အဖွဲ့ ခေါင်းဆောင်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်၊ အဖွဲ့ဝင် များ ဖြစ်ကြသည့် ဒေါက်တာမျိုးအောင်နှင့် ဒေါက်တာအောင်သူတို့ တက်ရောက် ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.