Connect with us

Politics, Law & Military

အခြေခံ ဥပဒေ ပြင်ဆင်ချက်များ အနက် အချက်လေးချက်အား အတည်ပြုနိုင်ခဲ့

လွှတ်တော်ကိုယ်စားလှယ်များ ဆန္ဒမဲ ပေးနေကြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၂၀ ရက်(ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ဒုတိယ အကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း အစီအစဉ် ယနေ့ အောင်မြင်စွာ ပြီးစီးခဲ့ပြီး ပြင်ဆင်ချက် လေးခုတို့အား ဆက်လက် ဆောင်ရွက်ရန် လွှတ်တော်က အတည်ပြုနိုင်ခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ကြေညာခဲ့သည်။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က)နဲ့ ၄၃၆(ခ) တို့တွင် အကျုံးဝင်တဲ့ ပြင်ဆင်ချက်များနဲ့ စပ်လျဉ်းပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူခြင်း ပြီးပါပြီ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆(က) မှာ အကျုံးဝင်တဲ့ ပြင်ဆင်ချက် ၅၅ ခုအနက် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲ ရရှိတဲ့ ပုဒ်မ နှစ်ခု ရှိပါတယ်၊ ၄၃၆(ခ) မှာ ပြင်ဆင်ချက်  ၈၀ ခု အနက် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ မဲ ရရှိတဲ့ ပြင်ဆင်ချက် နှစ်ခု ရှိပါတယ်” ဟု လွှတ်တော် နာယက ဦးတီခွန်မြတ်က ယနေ့ ပြောကြား ခဲ့သည်။

ပြင်ဆင်ချက် ဥပဒေမူကြမ်းများအပေါ် လွှတ်တော်၏ အဆုံးအဖြတ် ရယူရေး အစီအစဉ်အား နိုင်ငံ တော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ စဉ်က လုပ်ငန်းစဉ်များအတိုင်း အခြေခံ၍ ဆန္ဒမဲ လက်မှတ် အသုံးပြုပြီး လျှို့ဝှက်စွာ ဆန္ဒပြုသည့် နည်းလမ်းဖြင့် မတ်လ ၁၀ ရက်နေ့မှ စပြီး ဆောင်ရွက်ခဲ့ရာ ဥပဒေ မူကြမ်းများပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (က)နှင့် သက်ဆိုင် သော ပြင်ဆင်ချက်များ အတွက် အဆုံးအဖြတ် ရယူခြင်း လေးကြိမ်နှင့် ၄၃၆ပုဒ် (ခ) နှင့် သက်ဆိုင် သော ပြင်ဆင်ချက်များအတွက် အဆုံး အဖြတ် ရယူခြင်း ငါးကြိမ် ပါဝင်ခဲ့ကြောင်း၊ မတ်လ ၁၀ ရက် နေ့ မှာ ပြင်ဆင်ချက် ၁၄ ချက် ရှိသည့်အနက် ဆန္ဒမဲ ပေးပြီးသည့်အခါ ပြင်ဆင်ချက် နှစ်ချက် ဖြစ် သည့် ပုဒ်မ ၃၂ (က)နှင့် ပုဒ်မ ၃၂(ခ)တို့ကလည်းကောင်း၊ မတ်လ ၁၈ ရက်နေ့တွင် ပြင်ဆင်ချက် ၁၉ ချက် အနက် ပုဒ်မ ၂၆၂(က)(၁) ကလည်းကောင်း၊ မတ်လ ၁၉ ရက်နေ့တွင် ပြင် ဆင်ချက် ၁၃ ချက် အနက် ပုဒ်မ ၃၄၄ ကလည်းကောင်း ထောက်ခံ မဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့သဖြင့်  ပြင်ဆင်ရေး ဆက်လက် ဆောင်ရွက်ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုနိုင်ခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈  ခုနှစ်)အား ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမှုကြမ်း၌ ပြင်ဆင်ချက် စုစုပေါင်း ၁၃၅ ချက် ရှိသည့်အနက် ပုဒ်မ ၄၃၆ (က) တွင် အကျုံးဝင်သည့်ပြင်ဆင်ချက် နှစ်ချက်၊ ၄၃၆ (ခ) တွင် အကျုံးဝင်သည့် ပြင်ဆင်ချက် နှစ်ချက်၊ စုစုပေါင်း လေးချက်တို့ကို ပြင်ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ ဆန္ဒမဲ ရရှိကြသည့် ပြင်ဆင်ချက်များနှင့် စပ်လျဉ်းပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန် မြတ်က ကြေညာခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.