Connect with us

Politics, Law & Military

အဂတိလိုက်စားမှု တိုက်ဖျရေးမဟာဗျူဟာချမှတ်ဆောင်ရွက်မှုကြောင့် လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းအထက် အောင်မြင်ဟုဆို

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးသစ် အဆောက်အအုံ ဖွင့်ပွဲအခမ်း အနားကျင်းပစဉ်(ဓာတ်ပုံ-သမ္မတရုံး)

ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

အဂတိလိုက်စားမှု တိုက်ဖျက်ရေးမဟာဗျူဟာချမှတ်ဆောင်ရွက်မှုကြောင့် လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းအထက် အောင်မြင်မှုများ ရရှိခဲ့ကြောင်း  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးသစ် အဆောက်အအုံ ဖွင့်ပွဲအခမ်း အနားတွင် ပြောကြားသည်။

ကော်မရှင်အနေဖြင့် နိုင်ငံအတွင်း ဖြစ်ပွားနေသော အဂတိလိုက်စားမှုများကို အောင်မြင်စွာတိုက်ဖျက်နိုင်ရေး အတွက် ကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၁၈ – ၂၀၂၁) ကို ရေးဆွဲကာ နှစ်အလိုက် လုပ်ငန်းအစီအစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းမဟာဗျူဟာတွင် လုပ်ငန်းနယ်ပယ်(၅)ခု၊ လုပ်ငန်းစဉ် (၁၃)ခု၊ စံသတ်မှတ်ချက် (၅၃) ခု ပါရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ ကော်မရှင်၏ ဆောင်ရွက်ပြီးစီးခဲ့မှုများကို ပြန်လည်သုံးသပ်ရာတွင် စံသတ်မှတ်ချက် ၈၀ ရာခိုင်နှုန်းအထက် အောင်မြင်ပြီး မြောက်ခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ကော်မရှင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမဟာဗျူဟာအား လက်တွေ့ကျပြီး တာရှည်ခံသော အောင်မြင်မှုများ ဖြစ်ထွန်းစေရန်အတွက် အဂတိလိုက်စား မှုတိုက်ဖျက်ရေး နည်းဗျူဟာနှစ်ရပ်ကို အပြည့်အဝအကောင်အထည်ဖော်ရန် လိုအပ် ကြောင်း၊ ယင်းနည်းဗျူဟာ နှစ်ရပ်မှာ- မမြင်ကွယ်ရာတွင် လျှို့ဝှက်စွာ ဖုံးကွယ်ကျူးလွန်လေ့ ရှိသော အဂတိလိုက်စားမှု အမျိုးအစားများကို သိသိသာသာ လျော့နည်းကျဆင်းသွားအောင် ကန့်သတ်ထိန်းချုပ် နိုင်ရန်ရည်ရွယ်သည့် “ဥပဒေမူဘောင်ကို ခိုင်ခန့်အောင် တည်ဆောက် ရေးဆိုသည့် နည်းဗျူဟာတစ်ရပ်”နှင့် အဂတိလိုက်စားသူများ၏ ဒုစရိုက်ကစားကွင်းကို တဖြည်းဖြည်းချင်း ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်းသွားစေရန် ရည်ရွယ်သည့် “အများ ပြည်သူဆိုင်ရာ ရုံး၊ ဌာန၊ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည် မှု ( Public Integrity) နှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ ဖြောင့်မတ်တည်ကြည်မှု (Business Integrity)တို့ကို ဟန်ချက်ညီမြှင့်တင်ပေးရေးဆိုသည့် နည်းဗျူဟာတစ်ရပ်”တို့ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းဗျူဟာနှစ်ရပ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော် အစိုးရက “အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ” တစ်ရပ်ကို ကော်မရှင်ကရေးဆွဲနိုင်ရန် အားပေးလိုလားလျက်ရှိကြောင်း၊ထို့ကြောင့် ကျန်ရှိနေသော လုပ်ငန်းတာဝန်ကို ကျန်ရှိသည့် အချိန်ကာလ အတွင်းတွင် ဖြစ်နိုင်သမျှ အောင်မြင်မှုရရှိစေရန် ကော်မရှင်အနေဖြင့် အထူးအလေးအနက် ထား ကြိုးပမ်းအကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်းလည်း ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့သည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရာတွင် အစိုးရဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရက်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာသမားများ၊ ပြည်သူများက စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်းရန် လိုကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တိုက်တွန်းပြောကြားခဲ့သည်။

” ကော်မရှင်အနေဖြင့် လုပ်ငန်းတာဝန်များကို မျက်နှာကြီးငယ်မလိုက် ဆူကြုံနိမ့်မြင့်မရွေး တိတိကျကျ မှန်မှန်ကန်ကန်ဆောင်ရွက်ကြရန် ရှင်းလင်းတိကျတဲ့မူဝါဒကို လမ်းညွှန်ခဲ့ပါတယ်” နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ဆိုသည်။အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးသစ် အဆောက်အအုံ ဖွင့်ပွဲအခမ်း အနားကို သြဂုတ် ၅ ရက် တွင်  နေပြည်တော်ရှိ အဆိုပါရုံး၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊  နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။  (Xinhua)