Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံ ညီလာခံ သြဂုတ် ဒုတိယပတ်တွင် ကျင်းပရန် သဘောတူညီမှု ရရှိ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တတိယ အကြိမ် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ စုတ္ထအကြိမ် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ဒုတိယ အပတ်တွင် ကျင်းပရန် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ (EAOs) နှစ်ဘက် သဘောတူညီချက် ရရှိပြီးဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ညနေပိုင်းတွင် ကျင်းပသော နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ(EAOs) ကြားမှာ ကြိမ်ဖန်များစွာ အစည်း အဝေးတွေ လုပ်ခဲ့တယ်၊ ပြည်တွင်းမှာ လုပ်သလို ပြည်ပမှာလည်း လုပ်တယ်၊ NCA လက်မှတ်ရေး ထိုးတဲ့ လေးနှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ မိန့်ခွန်း ပြီးတဲ့ အချိန်မှာ ကျွန်တော်တို့ စ ညှိတယ်။ အဲဒီအချက်တွေမှာလည်း ဘယ်လိုထည့်ရမလဲ ညှိတယ်၊ ညှိနှိုင်းတဲ့ အပေါ်မှာ သူတို့ရဲ့ လိုလားချက်လည်း ဖြစ်ပါတယ်၊ သူတို့ လိုလားချက်အပေါ် အခြေခံပြီး ညှိတာ ဖြစ်တဲ့အတွက် အကျေအလည်လည်း ညှိနေတာ ဖြစ်တယ်၊ ဒါ့ကြောင့် အခုလို ကျင်းပမယ့် Time Line ကို နှစ်ဘက် သဘောတူညီခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

အစိုးရ၏ မူ အဆိုပြုချက်က ဇူလိုင်လထဲမှာ ကျင်းပဖို့ ဖြစ်ပြီး ရွေးကောက်ပွဲ ကာလ ရောက်လာလျှင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကိုယ်စားလှယ်များတွင် Key Player, stakeholder များ ဖြစ်ကြသည့် နိုင်ငံရေးပါတီမှလည်း ပါဝင်ကြောင်း၊ ရွေးကောက်ပွဲ မကျင်းပမီ Campaign ကာလ မတိုင်ခင်မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်းများ တင်သည့် ကိစ္စများ ရှိသည့် အတွက် ရှင်းရှင်းလင်းလင်း ဖြစ်အောင် စောစော ကျင်းပလိုခြင်း ဖြစ်ကြောင်း၊ သို့ရာတွင်  EAOs ဘက်က ပြန်ညှိပြီး သြဂုတ်လ ဒုတိယ အပတ်ကို ပြန် အဆိုပြုလာခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ရဲ့ ညှိနှိုင်း ဆွေးနွေးမှုက တစ်နိုင်ငံလုံးရဲ့ ဖက်ဒရယ် အခြေခံမူ တည်ဆောက်ရေးနဲ့ ဆိုင်ပါတယ်၊ အဲဒီအတွက်လည်း ညှိနှိုင်းနေတာ ဖြစ်ပါတယ်၊ ဒီအခြေခံမူတွေ ညှိနှိုင်းမှု ဘယ်လောက် အတိုင်းအတာ အထိ ရမလဲဆိုတာ ကျွန်တော်တို့ ကြားမှာ ဘုံသဘောထား ချနိုင်တဲ့ အနေအထား တော်တော် များများ အလားအလာ ကောင်းပါတယ်၊ သို့သော် နှစ်ဦး နှစ်ဘက် ပြန်ထိုင်ပြီးတော့ နောက်တစ်ကြိမ်မှာ အပြီးသတ် သဘောတူညီချက် ဘယ်လောက်ရမလဲပေါ့နော်၊ ဒီအပေါ်မှာ မူတည် တယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင် လာမယ့် ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၃)က ပြီးခဲ့တဲ့ အစိတ်အပိုင်း (၁) ရယ် (၂) ရယ်နဲ့ မတူပါဘူး” ဟုလည်း ၎င်းက ပြောခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပထမ အစည်းအဝေး၌ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်ခြင်း မရှိဘဲ စာတမ်းများ ၇၂ စောင် တင်သွင်းခဲ့ကြောင်း၊ ဒုတိယ အစည်းအဝေးတွင် နိုင်ငံရေး ဆွေးနွေးပွဲ များ ကျေကျေလည်လည် ဆွေးနွေးသည့် အဆင့်သို့ ရောက်ရှိလာခဲ့ပြီး ပြည်ထောင်စု သဘောတူ စာချုပ် (Union Accord) အစိတ်အပိုင်း(၁) ရရှိ ကာ သဘောတူညီချက် စုစုပေါင်း ၃၇ ချက် ရှိ ကြောင်း၊ တတိယ အစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၂) အတွက် သဘောတူညီ ချက် ၁၄ ချက် ရရှိခဲ့ကြောင်း၊ ယခု ဇွန်လ ၂၃၊ ၂၄ နှင့် ၂၅ ရက်တို့တွင် ရန်ကုန်မြို့ NRPC ၌ NCA-EAOs များနှင့် ဆွေးနွေးခဲ့ရာ သဘော တူညီချက် အတော်များများ ရရှိခဲ့ကြောင်း၊ ရရှိလာသည့် အပေါ် မူတည်ကာ Time line များ လျာထား သတ်မှတ်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် စတုတ္ထ အကြိမ် အစည်းအဝေးကို သြဂုတ်လ ဒုတိယပတ် အတွင်း ကျင်းပနိုင်ရန် နှစ်ဘက်ညှိနှိုင်း ပြီး အလုပ်အဖွဲ့၏ သဘောထား စုစည်းချက်အဖြစ် ရရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၉ အောက်တိုဘာ ၂၈ ရက်နေ့၊ နေပြည်တော် MICC-II တွင် ကျင်းပခဲ့သည့် NCA လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် အခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မိန့်ခွန်းတွင် ရှေ့ဆက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သုံးရပ်ပါရှိကြောင်း၊ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင် သဘောတူညီချက်၊ ၂၀၂၀ ရွေးကောက်ပွဲများ အလွန်၌ အဆင့်လိုက် အကောင်အထည်ဖော် ဆွေးနွေး ဆောင်ရွက်ရမည့် သဘောတူညီချက်များ၊ ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ အခြေခံ လမ်းညွှန် မူဝါဒများ ရယူရန် တို့ ဖြစ်ကြောင်း၊ အဆိုပါ အချက်များအား လာမည့် စတုတ္ထအကြိမ် ညီလာခံတွင် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း(၃)၌  ထည့်သွင်း ရေးဆွဲ နိုင်ရေးပင်ဖြစ်ကြောင်း၊ ဇွန်လ ၂၅ ရက် ယမန်နေ့ အစည်းအဝေး၌ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင် သဘောတူညီချက် ငါးချက် ထပ်မံရရှိခဲ့သဖြင့် ယခင်သဘောတူပြီးသော ၁၀ ချက်၊ စုစုပေါင်း ၁၅ ချက်ခန့်ကို ပြည် ထောင်စု သဘောတူညီချက်တွင် ထည့်သွင်းနိုင်မည် ဖြစ်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းရေး သဘောတူညီချက် ရှစ်ချက်၊ အထူးသဖြင့် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရန်အခြေခံများ စတင် တည်ဆောက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တစ်ဆင့် ပြီး တစ်ဆင့် ပြင်ဆင်ရေး၊ တိုင်းဒေသကြီး ပြည်နယ်များ တန်းတူညီ ဖြစ်ရေး၊ ကိုယ်ပိုင် ဥပဒေ ပြဌာန်း ခွင့် ရရေး၊ အာဏာ ခွဲေ၀ ကျင့်သုံးရေး၊ စသည့် အချက်များ အပေါ်လည်း သဘောတူညီချက်များ ရရှိထားကြောင်းနှင့် အဆိုပါ အချက်များကို ပြည်ထောင်စု သဘောတူညီချက် အစိတ် အပိုင်း (၃) တွင် ထည့်သွင်းနိုင်မည်ဟု မျှော်မှန်းထားပါကြောင်း၊ ညီလာခံကို social distancing နှင့် အညီ ပုံမှန် တက် ရောက်သည့် ကိုယ်စားလှယ် ၇၀၀ ဦးအား သုံးပုံ တစ်ပုံသို့ အစုအဖွဲ့အသီးသီးအား အချိုးကျ လျှော့ချ ကာ ကိုယ်စားလှယ် စုစုပေါင်း ၂၃၀ ဖြင့် ကျင်းပမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.