Connect with us

Politics, Law & Military

၂၀၂၀ ခုနှစ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်း

ပြည်သူ့လွှတ်တော် ဥက္ကဌဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီက “၂၀၂၀ ခုနှစ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကြမ်း”ကိုပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးသို့ တင်သွင်းခဲ့သည်။

ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီအတွင်းရေးမှူးဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်ကအဆိုပါ ဥပဒေကြမ်းကိုကော်မတီကိုယ်စားတင်သွင်းခဲ့ခြင်းဖြစ်ပြီး ၎င်းက “လက်ရှိနိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေဟာနိုင်ငံခြားသုံးငွေစီမံခန့်ခွဲရေးကိစ္စတွေမှာထိထိရောက်ရောက် ထိန်းကျောင်းတည့်မတ်နိုင်မှုအပိုင်းမှာအားနည်းချက် များစွာရှိနေတာကိုတွေ့ရှိရပါတယ်၊ အထူးသဖြင့် ဒေါ်လာဈေးအတက်အကျကိုရည်ရွယ်ချက် ရှိရှိဈေးကစားပြီးကိုယ်ကျိုးစီးပွားရှာသူတွေ၊ တည်ဆဲဥပဒေရဲ့ အားနည်းချက်ကိုအသုံးချပြီးငွေကြေးဈေးကွက် ကမောက်ကမဖြစ်အောင် ကြံစည် ဆောင်ရွက်နေသူတွေ၊ မှန်မှန် ကန်ကန် ဝင်ရောက်ရမယ့် နိုင်ငံခြားပို့ကုန် ရငွေတွေကိုနည်းအမျိုးမျိုးနဲ့ ရှောင်လွှဲ ထိန်ချန် ထားမှုတွေအစရှိတဲ့ နိုင်ငံခြားသုံးငွေဆိုင်ရာကိစ္စရပ်တွေကိုထိန်းကျောင်းတားဆီးအရေးယူနိုင်မှုအပိုင်းမှာလက်ရှိဥပဒေအရလုံလောက်တဲ့ စည်းနှောင်မှု၊ တည့်မတ် ထိန်းကျောင်းနိုင်မှုမရှိနေတာကိုစိစစ်လေ့လာသိရှိရပါတယ်”ဟုပြောကြားခဲ့သည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ပြီးရည်ရွယ်ချက် သုံးခုဖြင့် ယခုဥပဒေကြမ်းကိုအသစ်ရေးဆွဲပြီးတင်သွင်းရခြင်းဖြစ်ကြောင်း ၎င်းကပြောခဲ့သည်။

ရည်ရွယ်ချက် သုံးရပ်မှာ (၁) နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုကိုပိုမိုကောင်းမွန်စေရန်၊ (၂) နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် နှင့် (၃) ပြည်ပစီးပွားဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန် တို့ ဖြစ်ကြောင်း၊ ယခုဥပဒေကြမ်း၏ ထူးခြားချက်များမှာနိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် အပြန်အလှန် ချိတ်ဆက်နေသည့် ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများနှင့် သက်ဆိုင်သောပိုမိုပြည့်စုံရှင်းလင်းသည့် ပြဌာန်းချက်များ၊ နိုင်ငံခြားငွေကိုင်ဆောင်ခြင်း၊ ငွေစာရင်းဖွင့်လှစ်ခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာပြဌာန်းချက်များ၊ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်သည့် လိုင်စင်နှင့် စပ်လျဉ်းသည့် အသေးစိတ် ပြဌာန်းများပါဝင်သည့်အပြင် အရေးယူခြင်းနှင့် စပ်လျဉ်းသည့် ပြစ်မှုနှင့် ပြစ်ဒဏ်ပိုင်းဆိုင်ရာများတွင် ခေတ်စနစ်နှင့် လျော်ညီအောင်၊ ဥပဒေရည်ရွယ်ချက်များနှင့် ကိုက်ညီအောင် လက်တွေ့ကျကျ လေ့လာချဉ်းကပ်ပြီးရေးဆွဲထားပါကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

အဆိုပါ ဥပဒေကြမ်းအားပြင်ဆင်ချက် တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၇ ရက် ညနေ ၄:၀၀ နာရီနောက်ဆုံးထားပြီးပြည်သူ့ လွှတ်တော်ရုံးသို့ အမည်စာရင်းတင်သွင်းကြရန် ပြည်သူ့လွှတ်တော်ဥက္ကဌကပြောကြားခဲ့ကြောင်းသိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.