Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံ၊ စတုတ္ထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ သဘောတူညီချက် အပိုင်း (၃) လွှတ်တော် အတည်ပြု

ပြည်ထောင်စု လွှတ်တော် နာယက ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးတွင် သဘောတူခဲ့ကြသည့် အဆိုပြု ချက်များ ပါဝင်သော ပြည်ထောင်စု သဘောတူညီချက် (Union Accord) အပိုင်း(၃)ကို ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက အတည်ပြု မှတ်တမ်းတင်ခဲ့သည်။

အဆိုပါ ပြည်ထောင်စု သဘောတူညီချက် အပိုင်း(၃) ကို ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးသို့ ရှင်းလင်း တင်ပြခဲ့ပြီး လွှတ်တော်က ကန့်ကွက်ရန်မရှိ သဘောတူကြသဖြင့် အတည်ပြု မှတ်တမ်း တင်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ရှေ့နေချုပ်က “ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က တင်သွင်းသော အဆိုပြုချက်တွေကို ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၁ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်း အဝေး တတိယနေ့မှာ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း(၃) အဖြစ် ညီလာခံက အတည်ပြုခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အပိုဒ် (၂၀) အပိုဒ် ခွဲ(င)အရ အစုအဖွဲ့အသီးသီး၏ ခေါင်းဆောင် များ နှင့် အသိသက်သေများက လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အပိုဒ် (၂၀) အပိုဒ်ခွဲ (စ)မှာ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်း ဟူ၍လည်းကောင်း၊ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် အခန်း (၈) အပိုဒ် (၂၈) မှာ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်းများကို လည်းကောင်း၊ ပြည်ထောင်စု သဘောတူ စာချုပ် တစ်ရပ်လုံးကိုလည်းကောင်း အနီးဆုံး ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်ကို လုပ်ထုံး လုပ်နည်းများနှင့် အညီ တင်သွင်း၍ အတည်ပြုချက် ရယူရမည်ဟူ၍လည်းကောင်း၊ UPDJC ၏ လုပ်ငန်း လမ်းညွှန် အပိုဒ် (၃) အပိုဒ်ခွဲ (ဌ)တွင် UPDJC သည် ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်းများကိုလည်းကောင်း၊ ပြည်ထောင်စု သဘောတူ စာချုပ် တစ်ရပ်လုံးကိုလည်းကောင်း အနီးဆုံး ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနှင့် အညီ တင်သွင်း၍ အတည်ပြုချက် ရယူရမည်ဟူ၍လည်းကောင်း ဖော်ပြပါရှိပါသဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးမှာ အတည်ပြု လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)ကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်း ဖြစ်ပါတယ်။ သို့ပါ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း(၃)ကို အတည်ပြုပေးနိုင်ပါရန် တင်ပြအပ် ပါတယ်” ဟု လွှတ်တော်သို့ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း (၃)တွင် (က) အပိုင်း(၁) တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင် အထည် ဖော်မှု ဆိုင်ရာ မူဘောင် သဘောတူညီချက် ၁၅ ချက်၊ (ခ) အပိုင်း(၂) ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည် ဖော်မှုများ ဇယား (၁)၊ နှင့် (ဂ) အပိုင်း(၃) ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘော တူညီချက် ငါးချက်တို့ ပါဝင်ကြောင်း၊ (၁၉) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၇ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးမှ ရရှိလာသည့် သဘောတူညီချက်များကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးသို့ အဆိုပြုချက်များအဖြစ် တင်သွင်းခဲ့ပြီး ပြည်ထောင်စု သဘောတူ ညီချက်အဖြစ် ရရှိလာခြင်း ဖြစ်ကြောင်းလည်း ပြည်ထောင်စု ရှေ့နေချုပ်က ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.