Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အတွက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများ အားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံး စေရေး အထူး အလေးထား ဆောင်ရွက်နေဟုဆို

ပြည်ထောင်စု ရွေးကောက်ပွဲ နှင့် ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသည့် နိုင်ငံသားများ အားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်စေရေးနှင့် မှန်ကန် တိကျသော မဲဆန္ဒရှင် စာရင်းများ ရရှိစေရေး အထူးအလေးထား ဆောင်ရွက်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ နှင့် ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲအား ဇွန် ၂၅ ရက်တွင် ကချင်ပြည်နယ်၌ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်စိန်က အမျိုးသမီးများ၊ မသန်စွမ်းများ၊ အသက် (၁၈) နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးမည့် လူငယ် များ ၊ ရွှေ့ပြောင်း လုပ်သားများ နှင့် နေရပ် စွန့်ခွာ ရွှေ့ပြောင်း နေထိုင်ရသူများ ဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံး စေရေး အတွက် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုချိန် ကတည်းကပင် အလေးထား ဆောင်ရွက်လျက် ရှိကြောင်း ၊ မဲဆန္ဒရှင် စာရင်း ကောက်ယူသည့် အဖွဲ့များလာရောက်ချိန်တွင် အချက်အလက်များ မှန်ကန်စေရန် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေဖြင့် မဲဆန္ဒရှင်ပြည်သူလူထုသို့ မဲဆန္ဒရှင် အသိပညာပေးခြင်းကို ကူညီ ဆောင်ရွက် ပေးစေလိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ မဟာဗျူဟာ စီမံကိန်း ၂၀၁၉ – ၂၀၂၂ နှင့် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံ ဆွေးနွေးပွဲသို့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ကချင်ပြည်နယ် တာဝန်ခံဦးညွန့်စိန်၊ ကချင် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ခေတ္တဥက္ကဋ္ဌ ဦးမလန်ကမ်ဖန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ အရာရှိများ၊ ပါတီရုံး ဖွင့်လှစ်ထားရှိသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြသော အရပ်ဘက်လူမှု အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။(Xinhua)