Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၂၀၂၀ ပြည့်နှစ် နှစ်သစ်မိန့်ခွန်းပြောကြား၊ ပထမရာပြည့်အထိမ်းအမှတ်ပန်းတိုင် ရောက်ရှိရန် ကတိပြု

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၂၀ ပြည့်နှစ် နှစ်သစ်မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က “သမိုင်းတွင်သောနှစ်” ၌ အားလုံးက လေးစားရသော အတော်အတန် ပြည့်စုံကြွယ်ဝသည့် လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်မည့် ပထမရာပြည့်ပန်းတိုင် ရောက်ရှိရန် ကတိပြုပါကြောင်း ဒီဇင်ဘာ ၃၁ ရက်တွင် ပြုလုပ်သော ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

သမ္မတ ရှီက လက်ရှိတွင် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ရှိနေသည့် ကျေးလက်နေပြည်သူများအားလုံးကို လူနေမှုဘဝမြင့်တက်စေရန်နှင့် ဆင်းရဲသည့်နယ်မြေအားလုံးတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရန် ကတိပြုခဲ့သည်။

“ယခု ၂၀၂၀ ပြည့်နှစ်က ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတိုက်ပွဲ အောင်နိုင်ရေးအတွက် အရေးပါတဲ့နှစ် ဖြစ်ပါတယ်။ တိုက်ပွဲခေါ်သံက ပြင်းထန်တယ်။ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး တိုက်ပွဲမှာ အောင်မြင်မှုသေချာဖို့က ကျွန်တော်တို့ အတူတူ ကြိုးကြိုးစားစားနဲ့ လုပ်ဆောင်မှရမယ်” ဟု ရှီက ပြောကြားခဲ့သည်။ 

ထို့ပြင် ရှီက ဟောင်ကောင်နှင့် ဟောင်ကောင် တစ်နယ်တည်းသားများထံသို့လည်း ဆုမွန်ကောင်းများ ပို့သခဲ့သည်။“ဟောင်ကောင်မှာဖြစ်နေတဲ့အခြေအနေက လွန်ခဲ့တဲ့လတွေအတွင်း လူတိုင်းရဲ့ စိုးရိမ်သောက ဖြစ်ခဲ့တယ်” ဟု ရှီက ဆိုသည်။

“သဟဇာတဖြစ်မှုနဲ့ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်မရှိဘဲနဲ့ ပြည်သူတွေ နေထိုင်နိုင်တဲ့၊ ပျော်ရွှင်စွာ အလုပ်လုပ်ကိုင်နိုင်တဲ့ အိမ်တစ်လုံး ဘယ်လိုလုပ်ရှိနိုင်မလဲ။ ဟောင်ကောင်နဲ့ ဟောင်ကောင် တစ်နယ်တည်းသားတွေအတွက် အကောင်းဆုံးတွေကို ကျွန်တော်တို့ ရိုးသားစွာ မျှော်လင့်ပါတယ်” ဟု သမ္မတ ရှီက ပြောခဲ့သည်။ 

ချမ်းသာကြွယ်ဝပြီး တည်ငြိမ်မှုရှိသည့် ဟောင်ကောင်က ဟောင်ကောင် တစ်နယ်တည်းသားများ၏ ရည်မှန်းချက်ဖြစ်သလို အမိမြေက ပြည်သူများ၏ မျှော်လင့်ချက်ဖြစ်ကြောင်းလည်း ရှီက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းမှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်မှု လမ်းကြောင်းအား မဆုတ်မနစ် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း သမ္မတ ရှီက နှစ်သစ်နှုတ်ခွန်းဆက်စကား၌ ထည့်သွင်းပြောကြားခဲ့သည်။ 

“ရပ်ဝန်းနှင့် ပိုးလမ်းမ တက်ကြွစွာတည်ဆောက်ဖို့၊ ကံကြမ္မာအကျိုးတူ လူသားမျိုးနွယ်အသိုက်အဝန်းတစ်ခု တည်ဆောက်ရေး တွန်းအားပေးဖို့နဲ့ ပိုမိုကောင်းမွန်သော လူသားမျိုးနွယ် အနာဂတ်တစ်ခု ဖန်တီးရန် မမောမပန်းစတမ်း လုပ်ကိုင်ဖို့ ကမ္ဘာတစ်ဝန်းက ပြည်သူများနဲ့ လက်တွဲဖို့ ကျွန်တော်တို့ အသင့်ရှိပါတယ်” ဟု သမ္မတ ရှီကျင့်ဖိန်က ဆိုသည်။

တရုတ်နိုင်ငံ၏ ဂျီဒီပီ (GDP) သည် ၂၀၁၉ ခုနှစ်တွင် ယွမ် ၁၀၀ ထရီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃၇ ထရီလီယံ) နှင့် တစ်ဦးချင်း ဂျီဒီပီမှာလည်း အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ရောက်ရှိရန် မျှော်မှန်းခဲ့ကြောင်း သမ္မတ မှတ်ချက်ပြုပြောကြားခဲ့သည်။

ထို့ပြင် အဓိက စွန့်စားမှုအန္တရာယ်အခြေအနေများကို ကြိုတင်ခန့်မှန်းရန်နှင့် အခြေအနေကို ထိန်းသိမ်းရန်၊ ဆင်းရဲနွမ်းပါးမှု လျော့ပါးမှုကို ရည်မှန်းထားသည့်အတိုင်း လုပ်ဆောင်ရန် ကြိုးပမ်းအားထုတ်မှုများတွင် အရေးပါသော တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့သည်။

သိပ္ပံနှင့် နည်းပညာကဏ္ဍ၌လည်း တိုးတက်မှုများကို ရှီက မီးမောင်းထိုးပြခဲ့ပါသေးသည်။ ၎င်းတို့မှာ Chang’e-4 က လကမ္ဘာ၏ တစ်ဖက်ခြမ်းပေါ်သို့ သမိုင်းဝင်ဆင်းသက်မှု လုပ်ဆောင်ခဲ့ခြင်း၊ Long March-5 Y3 သယ်ဆောင်ရေးဒုံးပျံ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ခြင်း၊ ဝင်ရိုးစွန်းသွား ရေခဲခွဲသင်္ဘော Xuelong 2 အား အန္တာတိတ်သမုဒ္ဒရာတွင် ပထမဆုံး ရွက်လွှင့်သွားလာနိုင်ခြင်း စသည်တို့ကိုလည်း ၎င်းက ဆိုသည်။

ထို့ပြင် လွတ်လပ်သောကုန်သွယ်မှုဇုန်များ အသစ်တည်ဆောက်နိုင်ခြင်း၊ ရှန်ဟိုင်းရှေ့ပြေး လွတ်လပ်သောကုန်သွယ်မှုဇုန် တိုးချဲ့ခြင်း၊ သိပ္ပံနှင့် နည်းပညာ တီထွင်ဆန်းသစ်မှုအဖွဲ့ကို ချောမွေ့စွာ စတင်နိုင်ခြင်း၊ တစ်နှစ်အတွင်း စည်းကြပ်ခွန်များနှင့် အသုံးစရိတ် ယွမ် ၂ ထရီလီယံ လျော့ချခြင်းများ လုပ်ဆောင်နိုင်ခဲ့သည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များတွင်လည်း ခိုင်မာသော ပြုပြင်ပြောင်းလဲရေး တိုးတက်မှုများအပေါ် သမ္မတ ရှီက မှတ်ချက်ပြုခဲ့သည်။ တရုတ် အမျိုးသားနေ့တွင် ကြီးကျယ်ခမ်းနားသော စစ်ရေးပြအခမ်းအနားကို ကျင်းပနိုင်ခဲ့သလို ပထမဆုံး တရုတ်နိုင်ငံထုတ် လေယာဉ်တင်သင်္ဘောကိုလည်း တပ်တော်ဝင်ခြင်း လုပ်ဆောင်နိုင်သည်။

၂၀၁၉ ခုနှစ်၏ အကောင်းဆုံး အမှတ်တရမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားများ ဖြစ်ကြောင်း ရှီက မှတ်ချက်ပြုပြောကြားခဲ့သည်။

“ကျွန်တော် ဘယ်လောက်ပဲ အလုပ်များနေပါစေ ကျေးလက်က ပြည်သူတွေဆီသွားရောက် လည်ပတ်ဖို့ကိုတော့ အမြဲတမ်းလုပ်ဆောင်ပါတယ်” ဟု ရှှီက ဆိုသည်။ 

ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်၊ ပေကျင်း နိုင်ငံတကာ ဥယျာဉ်စိုက်ပျိုးမှုအတတ်ပညာပြပွဲ၊ အာရှယဉ်ကျေးမှုဖလှယ်ရေး ညီလာခံနှင့် ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ အပါအဝင် ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားပွဲများကိုလည်း ရှီက အလေးထားပြောကြားခဲ့သည်။ 

သမ္မတ ရှီက ၎င်းအနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း ပြည်ပနိုင်ငံများစွာမှ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ တရုတ်နိုင်ငံ၏ အဆိုပြုချက်များ မျှဝေခြင်း၊ မိတ်ဖက်ဆက်ဆံမှုများ မြှင့်တင်ခြင်းနှင့် သဘောတူညီမှု တိုးမြှင့်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံအနေဖြင့် သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် နိုင်ငံအရေအတွက်မှာလည်း ၁၈၀ နိုင်ငံအထိ ရှိလာပြီဟု ရှီက မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ရှီက “ကမ္ဘာ့နေရာတိုင်းစီမှာ ကျွန်တော်တို့ မိတ်ဆွေတွေရှိနေပါပြီ” ဟု ဆိုသည်။

“ဒီနေ့အခါသမယကစလို့ ရောက်ရှိလာတဲ့ ၂၀၂၀ ပြည့်နှစ်ကို အတူတကွ ကြိုဆိုနှုတ်ခွန်းဆက်ကြပါစို့” ဟူ၍ ပြောကြားရင်း သမ္မတ ရှီကျင့်ဖိန်က မိန့်ခွန်းကို အဆုံးသတ်ခဲ့သည်။ (Xinhua)