Connect with us

Politics, Law & Military

ပြည်တွင်းသို့ တရားမဝင်ဝင်ရောက်လျက်ရှိသော နိုင်ငံခြားအရက်အမျိုးမျိုးတွင် A1 အမှတ်အသား (ခြင်္သေ့) အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ပေးမည်

ဖန်ခွက်ထဲသို့အရက်ထည့်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်းသို့  တရားမဝင်နည်းလမ်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးတွင်အခွန်တံဆိပ်ခေါင်း ကပ်နှိပ်ရန် ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၁ ရက် မှ ၃၀ ရက်အထိ စီမံချက်ကာလအဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံချက်ကာလပြီးဆုံးပါက အထူးကုန်စည်ခွန်ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က ဆင်ဟွာသို့ သြဂုတ် ၁၈ ရက်တွင်ပြောသည်။

အဆိုပါတရားမဝင် ဝင်ရောက်လျက်ရှိသည့် နိုင်ငံခြားအရက်အမျိုးမျိုးအား စီမံချက်ကာလအတွင်း ကျသင့်အခွန်အကောက်များပေးဆောင်စေပြီး A1 အမှတ်အသား (ခြင်္သေ့) အခွန်အမှတ်တံဆိပ်များကို စက်တင်ဘာ ၁ ရက်မှ စ၍  ကပ်နှိပ်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

“အဲဒီကိစ္စအတွက် လုပ်ငန်းစီမံချက်ကို စက်တင်ဘာ ၁ ရက် ကနေ စက်တင်ဘာ ၃၀ ရက် အထိ  One Stop Service (OSS) စနစ်နဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

ယင်းစီမံချက်အရ  မိမိလက်ဝယ်တွင်ရှိနေသော တရားမဝင်အရက်အမျိုးမျိုးကို တရားဝင်ဖြစ်စေရန် ဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် သြဂုတ် ၂၁ ရက် မှ သြဂုတ် ၂၈ ရက်အတွင်း သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနရုံးများ သို့ အချိန်မီ ကြေညာလွှာ တင်သွင်းရန် သတ်မှတ်ထားကြောင်း သိရသည်။ 

“တရားဝင်တင်သွင်းတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ နစ်နာမှု မရှိအောင် အခုလိုဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ စီမံချက်ကာလအတွင်းမှာ တရားမဝင်အရက်အမျိုးမျိုးကာကွယ်တားဆီးဖို့အတွက် ကြေညာလွှာနောက်ဆုံးတင်သွင်းရမယ့် ရက်နောက်ပိုင်း တင်ပြလာတဲ့ ကြေညာလွှာတွေ ကိုလက်ခံမှာ မဟုတ်ပါဘူး။ကြေညာလွှာတင်သွင်းခြင်းမပြုဘဲ တရားမဝင်အရက်ရောင်းချနေကြောင်းတွေ့ရှိရင် တည်ဆဲဥပဒေ နဲ့ အညီအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု ၎င်းက ရှင်းပြသည်။

စီမံချက်ကာလ ပြီးဆုံးပြီးနောက် ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှစ၍ တရားဝင်အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသော နိုင်ငံခြားအရက်အမျိုးမျိုး အား လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း နှင့် လက်လီလက်ကားရောင်းချခြင်းများအပေါ် အထူးကုန်စည်ခွန်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန မှ သိရသည်။ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးအား ပြည်တွင်းတရားဝင်တင်သွင်းရောင်းချနိုင်ရန် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၀ပြည့်နှစ် မေ ၂၅ ရက်တွင် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။  (Xinhua)