Connect with us

Politics, Law & Military

၂၁ ရာစုပင်လုံတွင် “ဝ” အဖွဲ့က ပါဝင်လိုသည့် ဘက်သို့ ရောက်ရှိ

“ဝ” အထူးဒေသ(၂) မှ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ ဇူလိုင်လ ၃၀ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အထူးဒေသ (၂) မှ “ဝ” အဖွဲ့သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံတွင် ပူးပေါင်း ဆောင်ရွက်လိုသည့် နေအထား ဘက်သို့ရောက်ရှိလာပြီဟု ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက သုံးသပ် ပြောကြားသည်။

“ ဝ အဖွဲ့နဲ့ကျွန်တော်တို့ တစ်ကြိမ် သွားတွေ့ ပြီးပါပြီ၊ နောက်ထပ် သွားတွေ့ဖို့ စီစဉ်နေတုန်း သူတို့က လာတွေ့တော့ ပိုပြီး ရင်းနှီးလာတယ်။ သူတို့ရဲ့ သဘောထားတွေကိုလည်း ပိုပြီး သိမြင်လာရတော့ ကောင်းတဲ့ ဘက်ကို ကျွန်တော်တို့ လိုလားတဲ့ဘက်ကို ရွေ့လာတယ်လို့ ခံစားရပါတယ်။ နောက်ပြီး နိုင်ငံတော် အကြီးအကဲနဲ့ သူတို့ တွေ့လာတယ်။ ဒါဟာ ကျွန်တော်တို့ မျှော်လင့်တဲ့ ဘက်ကို သူတို့ ရွေ့လာတာပါ” ဟု ရှမ်းပြည်နယ်အထူး ဒေသ (၂) မှ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီနှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ ယနေ့ နံနက် ၁၀ း ၀၀ နာရီတွင် နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်၌ တွေ့ဆုံအပြီးတွင် ဦးခင်ဇော်ဦးက မီဒီယာသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ယနေ့တွေ့ဆုံပွဲတွင် ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စများကိုသာ ဆွေးနွေး ဖြစ်ခဲ့ပြီး နိုင်ငံရေး ဆွေးနွေးမှုများ မပါဝင်သေးကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များ ပြန်လည် ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး “ဝ” အဖွဲ့သည် ၎င်းတို့ ဒေသသို့ ပြန်ရောက်သည့် အခါ ဆွေးနွေး ဆုံးဖြတ်ပြီးမှ ငြိမ်းချမ်းရေး ကော်မရှင်သို့ အကြောင်းပြန်မည် ဖြစ်ကြောင်းလည်း ဦးခင်ဇော်ဦးက ပြောသည်။

“ဝ” အထူးဒေသ(၂) မှ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် ငြိမ်းချမ်းရေး ကော်မရှင်နှင့် မတွေ့ဆုံမီ နံနက် ၈ း ၃၀ နာရီ၌ သမ္မတဟောင်း ဦးသိန်းစိန်နှင့် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးချုပ်တွင် ၄၅ မိနစ်ကြာ သွားရောက် တွေ့ဆုံခဲ့သည်။
ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံအပြီးတွင်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် နေ့လယ် ၂ း ၃၀ နာရီတွင် တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံ ခဲ့မှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက “ဝ အဖွဲ့နဲ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့တွေ့ဆုံကြတဲ့အခါ ပွင့်ပွင့်လင်းလင်းနဲ့ တန်းတူရည်တူ ဆွေးနွေးနိုင်ခဲ့ကြတဲ့ အတွက် သူတို့ အများကြီး ဝမ်းသာတယ်လို့ ပြောပါတယ်” ဟု မီဒီယာကို ပြန်ပြောပြသည်။

ဇူလိုင်လ ၂၉ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံရာတွင် “ဝ” အထူးဒေသ(၂) အဖွဲ့နှင့်အတူ တွေ့ဆုံခဲ့သည့် မိုင်းလား အထူးဒေသ (၄) အဖွဲ့အား ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့က သြဂုတ်လ ၁ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Center-NRPC) ၌ တွေ့ဆုံမည် ဖြစ်ကြောင်းသိရသည်။ (Xinhua)