Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး ဖြစ်စဉ် အဆင့်ဆင့် အတွက် အဆင်ပြေ ချောမွေ ့စေရေး အခြေခံကောင်း မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးမှ ရရှိဟုဆို

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး နောက်ဆုံးနေ့ သတင်းစာရှင်းလင်းပွဲ မြင်ကွင်း (ဆင်ဟွာ)

မိုင်ဂျာယန် ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးအား ကချင်ပြည်နယ် မိုင်ဂျာယန်၌ ၅ ရက်ကြာ ကျင်းပ ပြီးစီးခဲ့ ပြီးနောက် ရှေ ့ဆက်သွားရမည့် ငြိမ်းချမ်းရေး ဖြစ်စဉ် အဆင့်ဆင့် အတွက် အဆင်ပြေ ချောမွေ့စေရန် အခြေခံကောင်း တစ်ခုကို ရရှိခဲ့ကြောင်း အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ်က ယနေ့ဇူလိုင် ၃၀ ရက် အစည်းအဝေး နောက်ဆုံးနေ့တွင် ပြောကြားခဲ့သည်။

“မျက်နှာစုံညီ အစည်းအဝေးမှာ မူလက ချမှတ်ထားတဲ့ ရည်ရွယ်ချက် ၂ ချက် ဖြစ်တဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ အကြိုညှိနှိုင်း ဆွေးနွေးရေး နဲ့အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ နိုင်ငံရေး ဘုံသဘောထား ရပ်တည်မှု ရရှိရေးတို့အတွက် တက်ရောက်လာကြတဲ့ ခေါင်းဆောင် ကိုယ်စားလှယ်များ အားလုံးမှ အင်တိုက်အားတိုက် ပါဝင် ဆွေးနွေး ညှိနှိုင်းခဲ့ကြလို့အောင်မြင်မှု တစ်စုံတစ်ရာ ရရှိတယ်လို့ကျင်းပရေး ကော်မတီမှ မှတ်ယူပါတယ်”ဟု အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ်က ပြောကြားခဲ့သည်။

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး နောက်ဆုံးနေ့ မြင်ကွင်း (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၏ အသံများသည် တစ်ခုတည်း ဖြစ်ရန် အရေးကြီးကြောင်း ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့(KIO) ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောကြားသည်။

“နိုင်ငံရေး ပြဿနာဟာ နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြေရှင်းလို့မရနိုင်ခဲ့တဲ့ ပြဿနာ တစ်ခု အနေနဲ့ ကျွန်တော်တို့ရဲ ့ပခုံးပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီပြဿနာကို နိုင်ငံရေး နည်းလမ်းတွေနဲ့ဆွေးနွေး အဖြေရှာသွားမှပဲ ပြေလည်သွားနိုင်ဖို့ရှိပါတယ်။ ဒီလို အဖြေရှာသွားတဲ့ အချိန်မှာလဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ပါဝင် လုပ်ဆောင် ကြိုးပမ်းသွားဖို့အလေးအနက် တိုက်တွန်း ပြောကြားလိုပါတယ်”ဟု အစည်းအဝေး သဘာပတိ ဖြစ်သူ ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့(KIO) ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောကြားသည်။

မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး နောက်ဆုံးနေ့ မြင်ကွင်း (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် ပါဝင်မည့် ကိုယ်စားလှယ်ဦးရေ နှင့် စုဖွဲ ့မှုများအား အစိုးရဘက်မှ လျာထားချက်အပေါ် စဉ်းစားပြီး ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်းမည်ဟု ကချင် လွတ်မြောက်ရေး ကောင်စီ (KIC) ဒုတိယ ဥက္ကဌ (၂) ဗိုလ်ချုပ် ဂွန်မော်က သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံသို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင် တက်ရောက်နိုင်ရေး အပေါ် ကချင် လွတ်မြောက်ရေး ကောင်စီ (KIC) ဒုတိယ ဥက္ကဌ (၂) ဗိုလ်ချုပ် ဂွန်မော်က “ဒီနေ့မိုင်ဂျာယန်မှာ ပြုလုပ်နေတဲ့ အစည်းအဝေးရဲ ့ရည်ရွယ်ချက်ကိုက ၂၁ ရာစု ပင်လုံ ညီလာခံကို တက်လို့ရှိရင် ဘာတွေ ဆွေးနွေးမလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ အဲဒီတော့ ယေဘုယျ အားဖြင့် ဒီမှာ ရောက်နေတဲ့ အဖွဲ့တွေက ၂၁ ရာစု ပင်လုံ ညီလာခံကို တက်လို့ရှိရင် ဆွေးနွေးဖို့အချက်တွေ ရှာနေတာ၊ ဒီလို နားလည်စေချင်ပါတယ်။ ဘယ်လို သွားမလဲ ဆိုတဲ့ အပိုင်းကတော့ သက်ဆိုင်ရာ အစိုးရမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များနဲ့ဆွေးနွေးပြီးမှပဲ စုပြီး သွားမှာ ဖြစ်ပါတယ်။

အားလုံး ပါဝင်နိုင်ရေး ၊ ပြီးရင် တခြားသော ဆောင်ရွက်ဖွယ်ရာများ ညှိနှိုင်းစရာတွေ ညှိနှိုင်းပြီးလို့ရှိရင် သွားမယ်လို့ယေဘုယျအားဖြင့် ပြောလို့ရပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

မိုင်ဂျာယန်၌ ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ပြီးဆုံးသည့် နောက်ဆုံးနေ့တွင် ဘုံသဘောထား အဖြစ် ရယူရန် လိုအပ်နေသေးသည့် အကြောင်းအရာ များအား ဆက်လက် အတည်ပြုနိုင်ရန် မျက်နှာစုံညီ အစည်းအဝေးမှ တာဝန်ပေးအပ်သည့် သက်ဆိုင်ရာ အလုပ်အဖွဲ့များက ဆက်လက် လုပ်ဆောင်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ငန်းအဖွဲ ့(CT) နှင့် နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့(DPN) တို့မှ ပူးတွဲ နည်းလမ်း ရှာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ကချင်ပြည်နယ် ၊ မိုင်ဂျာယန်၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်း အဝေးအား ဇူလိုင်လ ၂၆ ရက်မှ ဇူလိုင်လ ၃၀ ရက်အထိ ၅ ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့သည်။ (Xinhua)