Connect with us

Politics, Law & Military

ဘင်းမ်စတက် ပဋိညာဉ်စာတမ်းတွင် မြန်မာက ပါဝင်လက်မှတ်ထိုးရေးကိစ္စ လွှတ်တော် အတည်ပြု

ပြည်ထောင်စု လွှတ်တော် နာယက အစည်းအဝေးခန်းမသို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားသည့် ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ဦးဆောင် ဦးရွက် ပြုမှု အစီ အစဉ် (ဘင်းမ်စတက်)၊ (BIMSTEC:_ Bay of Bengal Initiative Multi – Sectorial  Technical and Economic Cooperation) ပဋိညာဉ်စာတမ်း တွင် မြန်မာနိုင်ငံက ပါဝင် လက်မှတ်ထိုးရေး ကိစ္စအပေါ် လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးတွင် ထောက်ခံ ဆွေးနွေးခဲ့ကြကာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စား ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးသို့ ရှင်းလင်း တင်ပြအပြီး၌ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“ဘင်းမ်စတက်ဟာ စီးပွားရေးကို ဗဟိုပြုပြီး ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက် နေတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်၊ ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံတွေရဲ့ အကျိုးစီးပွား အတွက် အလွန်အလားအလာ ကောင်းမွန်တဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်၊ မြန်မာ နိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံ အများစုနဲ့ အလွန်ရင်းနှီး ချစ်ခင် နွေးထွေးတဲ့ ဆက်ဆံရေး ရှိပါတယ်၊ မြန်မာ နိုင်ငံဟာ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ကတည်းက တင်းပြည့်အဖွဲ့ဝင် အဖြစ် ပါဝင်ထားပြီး ဖြစ်ပါတယ်၊ ဘင်းမ်စတက်ဟာ အခုအချိန်အထိ အာဆီယံအဖွဲ့လို ပဋိညာဉ် စာတမ်းနဲ့ပူးပေါင်းဆောင်ရွက်ရေး ယန္တရား၊ လုပ်ထုံး လုပ်နည်း၊ ဥပဒေတွေ တိကျစွာ ပြဌာန်းခြင်း မရှိသေးတဲ့ အတွက် စတုတ္ထ အကြိမ် မြောက် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးမှာ နိုင်ငံ ခေါင်းဆောင်ကြီးတွေရဲ့ ဘင်းမ်စတက် ပဋိညာဉ် ရေးဆွဲဖို့ လမ်းညွှန် ချက်အရ ရေးဆွဲခဲ့ပြီး အဖွဲ့ဝင်နိုင်ငံ အသီးသီးရဲ့ အစိုးရ အားလုံးက သဘောတူခဲ့ကြပြီး လုပ်ထုံး လုပ်နည်းနဲ့ အညီ အတည်ပြုချက် ရရှိရေး ဆောင်ရွက်နေကြခြင်း ဖြစ် ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ရှင်းလင်း တင်ပြ ခဲ့သည်။

မြန်မာနိုင်ငံသည် အနောက်နိုင်ငံများနှင့် အရှေ့တောင် အာရှနိုင်ငံများအကြား မြေသား ပေါင်းကူး သဖွယ် ပထဝီအနေအထားအရ မဟာဗျူဟာ မြောက်စွာဖြင့် ဘင်းမ်စတက် အဖွဲ့၏ ပေါင်းကူး ဗဟိုချက်မ၌ တည်ရှိနေကြောင်း၊ ဘင်းမ်စတက်ပဋိညာဉ်ကို အတည်ပြုနိုင်ခြင်းအားဖြင့် အဖွဲ့ဝင် ခုနစ်နိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများကို ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများဖြင့် စနစ်တကျ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ဘင်းမ်စတက်အဖွဲ့၏ ပူးပေါင်း ဆောင်ရွက် မှု ယန္တရား၊ ဖွဲ့စည်း အုပ်ချုပ်မှု ဆိုင်ရာ လုပ်ငန်းစဉ်တွင် ပါဝင်သည့် အစိတ်အပိုင်းများ၏ အခန်းကဏ္ဍ၊ လုပ်ငန်း တာဝန်နှင့် ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းများကို ရှင်းလင်းစွာ သတ်မှတ် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ပဋိညာဉ်၌  အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကိစ္စအပေါ် ဝင်ရောက် စွက်ဖက်မှုကို တားမြစ်ထားသော အရေးကြီးသည့် မူများလည်း ထည့်သွင်းထားသောကြောင့် ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရာတွင်  မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် အချက်များ မပါဝင် ကြောင်း လည်း ပြည်ထောင်စု ဝန်ကြီးက ရှင်းလင်း တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.