Connect with us

Politics, Law & Military

FFM ၏ အစီရင်ခံစာသည် ရခိုင်ပြည်နယ်နှင့် နိုင်ငံတစ်ဝန်း၌ စိတ်ဝမ်းကွဲမှုနှင့် အယုံအကြည်ကင်းမဲ့မှုများကို ဖြစ်ပေါ်စေမည်ကိုတွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

နိုင်ငံခြားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- MOFA)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းထားသော မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) အဖွဲ့၏ ၂၇-၈-၂ဝ၁၈ ရက်ထုတ် အစီရင်ခံစာသည် ရခိုင်ပြည်နယ်နှင့် နိုင်ငံတစ်ဝန်း၌ စိတ်ဝမ်းကွဲမှုနှင့် အယုံအကြည်ကင်းမဲ့မှုများကို သာ ပိုမိုဖြစ်ပေါ်စေမည်ကို မြန်မာအစိုးရအနေဖြင့် ဝမ်းနည်းဖွယ်ရာ တွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်၌ လူ့အခွင့်အရေးကောင်စီသည် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ကို ၂ဝ၁၇ ခုနှစ်၊ မတ်လတွင် ဖွဲ့စည်းခဲ့ကြောင်း၊ ထိုစဉ်ကတည်းက မြန်မာနိုင်ငံအစိုးရသည် အဆိုပါအဖွဲ့ကို ဖွဲ့စည်းမှုအားပယ်ချခဲ့ပြီး ယင်း၏ရှာဖွေတွေ့ရှိရချက်များကို လက်ခံသွားနိုင်လိမ့်မည် မဟုတ်ကြောင်း ရှင်းလင်း ပြတ်သားစွာ ဖော်ပြခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၂၇-၈-၂ဝ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါအဖွဲ့၏ အစီရင်ခံစာသည် အစိုးရ၏ စိုးရိမ်မှုများကို ပိုမိုမြင့်တက်စေခဲ့ကြောင်း၊ ယင်းအစီရင်ခံစာသည် ရခိုင် ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းများ ပေါင်းစည်းနေထိုင်မှုကို ပျက်ပြားစေရုံသာမက နိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကိုပါ ထိခိုက်စေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်သည့် အချိန်မှစ၍ ရခိုင်ပြည်နယ်အတွင်း ရှုပ်ထွေးလှသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် ကြိုးပမ်းအား ထုတ်လျက်ရှိကြောင်း၊ အစိုးရ၏ တာဝန်ယူမှုနှင့် တရားဥပဒေစိုးမိုး မှုရှိရေး သန္နိဋ္ဌာန်ချထားခြင်းနှင့်အညီ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့် ဆက်စပ် ကိစ္စရပ်များအား စုံစမ်းစစ်ဆေးရန် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၃ဝ-၇-၂ဝ၁၈ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

အစိုးရအနေဖြင့် ရှုပ်ထွေးလှစွာသော စိန်ခေါ်မှုများကို ကြုံတွေ့နေရသည့်တိုင် မြန်မာပြည်သူတစ်ရပ်လုံးအတွက် ငြိမ်းချမ်းရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး တို့အတွက် အစိုးရ၏ သန္နိဋ္ဌာန် ချထားမှုကို ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.