Connect with us

Politics, Law & Military

၂၀၂၀ – ၂၀၂၁ ခုနှစ်အတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀ ထပ်တိုးထုတ်လုပ်မည်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ကဏ္ဍဆိုင်ရာ အစည်းအဝေးကျင်းပစဉ်(MoI)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၂၀ – ၂၀၂၁ ခုနှစ်အတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀ ထပ်တိုးထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု ၅၀ ရာခိုင်နှုန်း ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

 

၂၀၂၀ ခုနှစ် နွေရာသီကာလတွင် ရေအားနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ ဓာတ်အားထုတ်လုပ်ပေးမည့် အစီအမံများ ဆောင်ရွက်နိုင်ရေး  စီစဉ်လျက်ရှိကြောင်း ၎င်းက ပြောသည်။

 ၂၀၁၈ ခုနှစ်အတွင်း အမြင့်ဆုံး သုံးစွဲခဲ့သည့်ဝန်အားသည် ၃၅၈၆ မဂ္ဂါဝပ်ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အမြင့်ဆုံး သုံးစွဲနေသည့် ဝန်အားမှာ ၃၆၅၄ မဂ္ဂါဝပ်အထိ တိုးတက်လာခဲ့သဖြင့် အနာဂတ်တွင် ယခုထက် ပိုမိုများပြားလာမည်ဖြစ် သည့်အတွက် ဓာတ်အားလိုင်း/ဓာတ်အားခွဲရုံ များ၏ ကြံ့ခိုင်မှုများ၊ Power Plant များ၏ Efficiency များတိုးတက်ရေး၊ ဓာတ်အားပေး စက်ရုံအဟောင်းများကို Rehabilitation ပြုလုပ်မည့် အစီအစဉ်များ၊ လုပ်ငန်းအသစ်ဖြစ်သည့် LNG to Power စက်ရုံသစ်များကို စီမံဆောင်ရွက်ပြီး Time Schedule ရေးဆွဲ၍ အချိန်မီဆောင်ရွက်သွားကြရန် အရေးကြီးပါကြောင်း၊ Transmission ပိုင်းဆောင်ရွက်စဉ် ဓာတ်အားပြတ်တောက်မှုများ ဖြစ်နိုင်သဖြင့်  သဘာဝဘေးအန္တရာယ်မှအပ ဖြစ်ပေါ်လာနိုင်မည့် Weakness Point များအပေါ် သုံးသပ်၍ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆိုသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်သည် လျှပ်စစ်ဓာတ်အား ဖြစ်သည့်အတွက် အနာဂတ် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး ရည်မှန်းချက်အဖြစ် ၂၀၂၅ – ၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ အိမ်ထောင်စုဦးရေ ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ – ၂၀၃၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ အိမ်ထောင်စုဦးရေ  ၁၀၀ ရာခိုင်နှုန်း ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် ဝန်ကြီးဌာနမှ ရည်မှန်းချက်ထား၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံရှိ အိမ်ထောင်စု စုစုပေါင်း၏ မီးသုံးစွဲသူဦးရေမှာ ၃၄ ရာခိုင်နှုန်းခန့်ကိုသာ လျှပ်စစ်ဓာတ်အားပေး နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် မီးသုံးစွဲသူ ၅၀ ရာခိုင်နှုန်းအထိ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ ၃ နှစ်တာကာလအတွင်း ၁၆ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ကဏ္ဍဆိုင်ရာ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် သုံးသပ်ခြင်းနှင့် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)