Connect with us

Politics, Law & Military

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၌ အစိုးရသစ်အတွက် ဆက်လက် အကောင်အထည်ဖော်နိုင်ရန် လုံလောက်သော အခြေခံကို ချထားနိုင်မည်ဟု KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဆို

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ကေအင်န်ယူ-ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၌ အစိုးရသစ်အတွက် ဆက်လက် အကောင်အထည်ဖော်နိုင်ရန် လုံလောက်သော အခြေခံကို ချထားနိုင်မည်ဟု ယုံကြည်ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ယနေ့ကျင်းပသော ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ပြောကြားသည်။

လက်ရှိအစိုးရ အစပြု အကောင်အထည်ဖော်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အရေးပါသော နိုင်ငံရေးဆွေးနွေးပွဲ စတင်ရေးဆိုင်ရာ ကိစ္စများကို ဆက်လက်အကောင်အထည်ဖော်နေကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေး ထိုးပြီး ရက်ပေါင်း (၉ဝ) အတွင်း နိုင်ငံရေးဆွေးနွေးပွဲအား အကောင်အထည်ဖော်ရမည့် ကိစ္စများကို စတင်ရင်း၊ နောင်နိုင်ငံတော် တာဝန်ကို ထမ်းဆောင်ရမည့် အစိုးရကလည်း လက်ဆင့်ကမ်း သယ်ဆောင်ရမည့် အရေးပါသည့် ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ရေးအတွက် ရည်ရွယ်ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။

“ဒီလိုပွင့်လင်းလာတဲ့ နိုင်ငံရေးဆွေးနွေးပွဲ တံခါးပေါက်ကနေ ပိုမိုပြည့်စုံပြီး အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ တွေဖြစ်လာဖို့ ဆက်လက်ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ၎င်းကဆိုသည်။

NCA ပြဌာန်းချက်များအရ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (Union Peace Conference) ကို ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး ငါးရက်ကြာ နေပြည်တော်၌ ကျင်းပလျက်ရှိသည်။

ယနေ့ ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.