Connect with us

Politics, Law & Military

နိုင်ငံခြားသား အမြဲ နေထိုင်ခွင့် လက်မှတ် (PR) ပထမအကြိမ် စိစစ် ခွင့်ပြုချက် ရရှိသူ ၁၂၅ ဦး ရှိပြီး ဒုတိယအကြိမ် အဖြစ် ၄၄ ဦးကို အတည်ပြု တင်ပြထား

နိုင်ငံခြားသား ဧည့်သည်များအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ စစ်ဆေးနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်ကို ပထမအကြိမ် စိစစ် အကဲဖြတ်၍ ခွင့်ပြုချက် ရရှိသည့် ၁၂၅ ဦးအား နိုင်ငံခြားသား အမြဲ နေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးခဲ့ပြီး ထပ်မံ လျှောက်ထားသူများ အနက် ၅၃ ဦးကို ဒုတိယ အကြိမ် စိစစ်၍ အစည်းအဝေး ဆုံးဖြတ်ချက်၊ လူတွေ့ မေးမြန်း အကဲဖြတ်ချက်များ အရ ၄၄ ဦးကို ဗဟို ကော်မတီမှ အတည်ပြုကာ အထက် အဆင့်ဆင့်သို့ ဆက်လက် တင်ပြထားဆဲ ဖြစ်ပြီး ခွင့်ပြုချက် ရရှိပါက နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် တတိယ အကြိမ် အဖြစ် ထပ်မံ လျှောက်ထားသူ (၅၅) ဦးအား လုပ်ငန်း ကော်မတီမှ စိစစ်တင်ပြ ထားမှုအပေါ် ဗဟို ကော်မတီက နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့် အညီ လျှောက်ထား သူတစ်ဦးချင်းအား သုံးသပ် အကြံပြု ကြရန် နှင့် ယင်းသုံးသပ် စိစစ်မှုအရ လျှောက်ထား သူများကို လူတွေ့မေးမြန်း အကဲဖြတ်၍ ခွင့်ပြု ရန် သင့်/မသင့် အတည်ပြု ပြီးပါက အထက် အဆင့်ဆင့်သို့ ဆက်လက် တင်ပြ ခွင့်ပြုချက် ရယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေအရ နှစ်နိုင်ငံသား ခံယူခွင့်စနစ်ကို ခွင့်ပြုထားခြင်းမရှိ သည့်အတွက် မြန်မာနိုင်ငံတွင် ကာလရှည်ကြာစွာ လာရောက် နေထိုင်ရင်းနှီးမြှုပ်နှံလိုသူများ၊ ပညာရှင်များ ၊ နိုင်ငံသားဟောင်းများ၊ နိုင်ငံသားနှင့် သွေးဆက်စပ်သူ များအတွက် အခွင့်အရေး တစ်ရပ်အဖြစ် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် စနစ် (Permanent Residence System-PR System) ကို ကျင့်သုံး ရခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ပူးပေါင်း ပါဝင် ဆောင်ရွက်လိုသည့် မြန်မာနိုင်ငံသား ဟောင်း များ၏ အကျိုးနှင့် နိုင်ငံတော်၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ PR စနစ်အား စတင်အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော် လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွား မထိခိုက်စေရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပြိုကွဲ ပျက်စီးမှု မရှိစေရေး စသည့် အချက် နှစ်ချက်အား အဓိကထား ဆောင်ရွက် ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117