Connect with us

Politics, Law & Military

ကြားဖြတ်ရွေးကောက်ပွဲ တစ်အိမ်တက်ဆင်း မဲစာရင်း ကောက်မည်ဟု UEC ဥက္ကဋ္ဌ ပြော

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

၂၀၁၆ ဧပြီ (၁) ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကာက်ပွဲ အတွက် မဲစာရင်း ကောက်ယူမှုကို Door to door စနစ်ဖြင့် ကောက်ယူသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့နေ့လယ်တွင် နေပြည်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံး၌ နိုင်ငံရေး ပါတီများနှင့် ကော်မရှင်အဖွဲ့ အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ် တွေ့ဆုံပွဲအပြီးတွင် မီဒီယာများသို့ပြောခဲ့သည်။

“မဲစာရင်းတွေ မှန်ကန်ဖို့အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေနဲ့ Door to door စနစ်နဲ့ ကောက်ခံသွားဖို့စီစဉ်ထားပါတယ်၊ တစ်အိမ်တက်ဆင်း မကောက်နိုင်ရင် အမှားအယွင်းတွေ ရှိလာနိုင် တယ် လို့ ကျွန်တော်တို့သုံးသပ်ထားတဲ့အတွက် အခုလို စီစဉ်ထားတာပါ” ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။

အိမ်ထောင်စု စာရင်းတွင် ထပ်တိုးခြင်း၊ ပယ်ဖျက်ခြင်းများ ရှိ မရှိ ဆိုသည်ကို အိမ်ထောင်ဦးစီးနှင့် တွေ့ကာ အထောက်အထား များဖြင့် အတည်ပြုပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကျင်းပနေစဉ် (ဆင်ဟွာ)

“လက်ရှိ မဲစာရင်းမှာ ထပ်ပြီး ဖြည့်စွက် စရာ ရှိသလား၊ ပယ်ဖျက်စရာ ရှိသလား အိမ်ထောင်ဦးစီးကို မေးမယ်။ အိမ်ထောင်ဦးစီးရဲ့ လက်မှတ်တစ်ခုတည်းနဲ့ ၊ ဒီလူကတော့ ကျန်ခဲ့တယ် ဆိုရင်လည်း အထောက်အထားနဲ့ ထပ်ထည့်မယ်၊ အတည်ပြုမယ်။ ဒါကြောင့် မဲစာရင်းကောက်တဲ့အခါ တစ်အိမ်တက်ဆင်း သွားမယ်” ဟု ကော်မရှင် ဥက္ကဋ္ဌက ရှင်းပြသည်။

ထို့အပြင် ပြည်ပရောက် မဲဆန္ဒရှင် မြန်မာနိုင်ငံသားများ၏ ကြိုတင်ဆန္ဒမဲ ကောက်ယူခြင်းနှင့် ပတ်သက်၍လည်း ၂၀၁၅ ရွေးကောက်ပွဲထက် ပိုပြီး အဆင်ပြေ ချောမွေ့ကာ အောင်မြင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောခဲ့သည်။

“ပြည်ပရောက် မဲဆန္ဒရှင်များအတွက် ၂၀၁၅ မှာ ပြုလုပ်ခဲ့တဲ့ အတွေ့အကြုံအရ အချိန်အခက်အခဲ ဖြစ်ခဲ့တယ်။ ပြည်ပ မဲဆန္ဒရှင်တွေ အတွက် ပုံစံ ၁၅ အတွက် အချိန် ထပ်တိုးပေးခဲ့ရတယ်။နိုဝင်ဘာ ၁ ရက်နေ့ကနေ စပြီး ပုံစံ ၁၅ ကို သက်ဆိုင်ရာ သံရုံး အသီးသီးမှာသော်လည်းကောင်း၊ သက်ဆိုင်ရာ သံရုံး အသီးသီးရဲ့ ဝက်ဘ်ဆိုဒ် မှာ သော်လည်းကောင်း ထုတ်ယူနိုင်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့မှာ မိမိ ထုတ်ယူထားတဲ့ သက်ဆိုင်ရာ သံရုံး တွေကို ပြန်ပြီး ပေးပို့ရမှာ ဖြစ်ပါတယ်။ အချိန်တွေ အများကြီး ယူထားပါတယ်။ ၂၀၁၅ ထက် စာရင် ပြည်ပ ကြိုတင်မဲပေးခြင်း လုပ်ငန်းဟာ ပိုမိုပြီး အောင်မြင်မယ်လို့ ယုံကြည်ထားပါတယ်” ဟု ဦးလှသိန်းက ပြောသည်။

အောက်တိုဘာ ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခဲ့သည့် ရွေးကောက်ပွဲ Calendar အတိုင်း ကျင်းပသွားမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် လစ်လပ် နေရာပေါင်း ၁၈ နေရာ ရှိသည်ဟု မူလက ကြေညာ ခဲ့သော်လည်း ၁၉ နေရာအတွက် ကျင်းပ ပေးမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ပြည်နယ် လွှတ်တော်က အမတ်တစ်ဦး ကွယ်လွန်ခဲ့သည့် ပြည်နယ် လွှတ်တော် အမတ် နေရာအတွက် ဖြစ်ကြောင်းလည်း ကော်မရှင် ဥက္ကဋ္ဌက ပြောခဲ့သည်။

အဆိုပါ နိုင်ငံရေး ပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ် တွေ့ဆုံပွဲ သို့ ကော်မရှင်က နိုင်ငံရေး ပါတီ ၈၈ ခုတို့အား ဖိတ်ကြားခဲ့ပြီး ပါတီ ၆၇ ခုတို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.