Connect with us

Politics, Law & Military

UNFC အဆိုပြုထားသော အချက်များအား ငြိမ်းချမ်းရေးကော်မရှင် PC နှင့် DPNအဖွဲ့တို့ ဆက်လက်ဆွေးနွေး

ငြိမ်းချမ်းရေးကော်မရှင်(PC) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့ သတ္တမအကြိမ်မြောက် ဆွေးနွေးပွဲကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC )အဆိုပြုထားသော အချက်ကိုးချက်မှ သဘောတူရန် ကျန်ရှိနေသော အချက်များကို ငြိမ်းချမ်းရေးကော်မရှင်(PC) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့သည် နိုဝင်ဘာ ၉ ရက်နေ့တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရန်ကုန်ရုံး ၌ ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ သတ္တမအကြိမ်မြောက် ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဖြစ်စဉ်များသည် တိုးတက်မှုရှိလာကြောင်း၊ အားလုံးစည်းစည်းလုံးလုံးဖြင့် ငြိမ်းချမ်းရေးပန်းတိုင်ခရီး အတွက် ယခုအစည်းအဝေးမှ နှစ်ဖက်ခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေး အဖြေရှာကာ ငြိမ်းချမ်းရေးပန်းတိုင်ဖြစ်သော NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးကို ကြိုးစားပေးစေလိုကြောင်း ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားသည်။

အဆိုပြုချက် အချက် (၉)ချက်တွင် ဆွေးနွေးရန်အဓိကကျန်ရှိနေသေးသောအဆိုပြု ချက်အချက်နံပါတ် (၅)ပါ စစ်ဖက်ဆိုင်ရာ ကိစ္စရပ်များအား အကျယ်ချဲ့ကာ အသေးစိတ်ဆွေးနွေးနိုင်ရန် ယနေ့ ဆွေးနွေးပွဲတွင် DPN အဖွဲ့အနေဖြင့် တာဝန်ရှိသူများပါဝင်ပါကြောင်း၊ အဆိုပြုချက် အချက် (၈)ချက်၏ အချက်နံပါတ် (၅) တွင်ပါဝင်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာကိစ္စများနှင့် နှီးနွှယ်သော အကြောင်းအရာများကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ဆိုသည်။

ယင်း ဆွေးနွေးပွဲသို့ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော် ၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် ၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်၊ ဦးနိုင်ငံလင်းနှင့် ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC-U) မှ အရပ်သားကိုယ်စားလှယ် ဒုတိယဥက္ကဋ္ဌ Re.v စောမက်သရူးအေး နှင့် အဖွဲ့ဝင်များ၊ DPN မှ အဖွဲ့ခေါင်းဆောင် ခူဦးရယ်၊ ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေး နှင့် အဖွဲ့ဝင်များ၊ လေ့လာသူများအဖြစ် NCA လက်မှတ်ရေး ထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့ မှ ပဒိုစောကွယ်ထူးဝင်း ၊ ရဲဘော်သံခဲ တို့အပါ အဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ အကျိုးဆောင် အဖွဲ့များနှင့် နည်းပညာအထောက်အကူပြုအဖွဲ့များတက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.