Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) အစည်းအဝေး၌ နိုင်ငံရေး ကဏ္ဍတွင် သဘောတူဆုံးဖြတ်ချက် ၁၂ ချက် ရရှိ

UPDJC အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မေ ၂၈ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) အစည်းအဝေး၌ နိုင်ငံရေး ကဏ္ဍ တင်ပြချက်များ အပေါ် ဆွေးနွေးရာတွင် အချက်ပေါင်း ၂၁ ချက် အနက် ၁၂ ချက်အား သဘောတူ ဆုံးဖြတ်ချက် ရရှိခဲ့ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးဇော်ဌေးက ယနေ့မေ ၂၈ ရက် တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

UPDJC အစည်းအဝေးတွင် ဆွေးနွေးခဲ့မှု အခြေအနေများ အပေါ် ပြည်သူများ မျှော်လင့်နေသည့် ရလဒ်ကောင်းများ များစွာ မရရှိနိုင်ခဲ့ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင်ထံမှ သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) အစည်းအဝေး ကျင်းပစဉ် (ဆင်ဟွာ)

UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးဇော်ဌေးက သတင်းထောက်များအား ပြောကြားနေစဉ်(ဆင်ဟွာ)

“အငြင်းပွားမှု ဖြစ်တယ်။ သဘော တူညီချက်မရတာက ပြည်နယ်တွေရဲ့ ခွဲထွက်ခွင့် ကိစ္စ ဖြစ်ပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက် အပြန်အလှန် ဆွေးနွေးကြတဲ့ အခါမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဘက်က ခွဲထွက်ခွင့် ကတိကဝတ်နဲ့ ပတ်သက်လို့ ဒီအချိန်မှာ သူတို့က မထည့်စေချင်ဘူး။ ကျွန်တေ်ာတို့ စပြီးတော့ ဖယ်ဒရယ်မူကို ဆွေးနွေးခဲ့ပြီးကတည်းက ခွဲမထွက်ဘူးဆိုတဲ့ဟာကို ယူပါတယ်။ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်(ဖွဲ့စည်းပုံအခြေခံဥပဒေ)တန်း တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဒါကို ကျွန်တော်တို့က ချိန်ထားတာပါ။ ဒါကြောင့် ဆွေးနွေးတဲ့အခါမှာ ခွဲမထွက်ရဆို တဲ့ အချက်သဘောတူမှ နောက်အချက်တွေက လာမှာဖြစ်ပါတယ်။ သဘောတူညီမှု မရပါဘူး။ ဒါကြောင့် ကျန်တဲ့အချက်တွေကိုလည်း ညီလာခံမှာ စိတ်မကောင်းစွာနဲ့ ချန်ထားခဲ့ရပါတယ်။”ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးဇော်ဌေးက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) အစည်းအဝေးအား ယနေ့မေ ၂၈ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ၅ ရက်မြောက်နေ့အဖြစ်ဆက်လက် ကျင်းပခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) အစည်းအဝေး စတင်ချိန်တွင် UPDJC ၏ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က UPDJC အစည်းအဝေးသည် မေ ၂၇ ရက်တွင် ပြီးစီးရမည် ဖြစ်သော်လည်း ဆွေးနွေးမှုများ မပြီးပြတ်သည့် အတွက်ကြောင့် ဆက်လက် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

UPDJC ၏ ဒုတိယ ဥက္ကဋ္ဌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အစုအဖွဲ့မှ ပဒို စောကွယ်ထူးဝင်းက နိုင်ငံရေး ဆွေးနွေးပွဲ အောင်မြင်မှုသည် UPDJC ၏ အထူးတာဝန် ရှိကြောင်း ၊ နိုင်ငံရေး ဆွေးနွေးပွဲ အောင်မြင်မှလည်း နိုင်ငံ မျှော်မှန်းသည့် ငြိမ်းချမ်းရေး ရရှိမည် ဖြစ်ကြောင်း ၊ ယနေ့ဆွေးနွေးပွဲသည် ကဏ္ဍ အသီးသီးမှ UPDJC အတွင်းရေးမှူး အဖွဲ့မှ တဆင့် တင်ပြလာသည့် အဆိုပြုမှုများကို အကျေအလည် ဆွေးနွေးပြီး သဘောတူညီနိုင်သည့် အချက်များအား ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ၊ ဆွေးနွေးရာတွင် အကျေအလည် ဆွေးနွေးမှု ၊ နားလည်မှု ရှိရှိဖြင့် အပြန်အလှန် ဆွေးနွေးပြီး အားလုံး လက်ခံနိုင်သည့် မှုလ ရည်ရွယ်ချက် အတိုင်း အဆိုပြုမှုများကို ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးအား မူလက မေ ၂၄ ရက်မှ ၂၈ ရက်ထိ ကျင်းပရန် စီစဉ်ထားသော်လည်း ညီလာခံအား ရက်ထပ်မံ တိုးမြှင့်၍ မေ ၂၉ ရက်ထိ ဆက်လက် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)