Connect with us

Science & Technology

ရန်ကုန်-ဒလ မြစ်ကူးတံတားတည်ဆောက်မှု ၁၁ ရာခိုင်နှုန်းဝန်းကျင် ပြီးစီး

ဒလတံတားတည်ဆောက်မှုပြီးလျှင်မြင်တွေ့ရမည့်တံတားပုံစံအားတွေ့ရစဉ် (ဓာတ်ပုံ-- ဆောက်လုပ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင် လမ်းမကြီးတို့သို့ ဆက်သွယ်တည် ဆောက်လျက်ရှိသော ရန်ကုန်-ဒလ မြစ်ကူးတံတားတည်ဆောက်မှု သည် ၁၁ ရာခိုင်နှုန်းဝန်းကျင် ပြီးစီးသွားပြီဖြစ်ကြောင်း၊ COVID-19 ကာလတွင်လည်း စီမံကိန်းအားရပ်နားမှုမရှိဘဲ ကျန်းမာရေးဝန်ကြီးဌာန ၏ ညွှန်ကြားချက်များ နှင့်အညီ တည်ဆောက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက မေ ၈ ရက်တွင် ဆင်ဟွာကိုပြောသည်။

ဦးကျော်ကောင်းချိုက “အခုတံတားက ၁၁ ရာခိုင်နှုန်းဝန်းကျင်ပြီးစီးနေပါပြီ။ ၂၀၂၂ ခုနှစ် အောက်တိုဘာလ မှာ ပြီးမယ် လို့မှန်းပါတယ်။ စုစုပေါင်းတည်ဆောက်ချိန်က ၄၁ လ ဖြစ်တဲ့အတွက် အခု COVID-19 ရောဂါဖြစ်ပွားနေတဲ့ ကာလတွေမှာ လည်းကြိုးစားပြီးဆက်လက်တည်ဆောက်နေပါတယ်’’ ဟုပြောသည်။

အဆိုပါရန်ကုန်- ဒလတံတားစီမံကိန်းမှာ စုစုပေါင်း တံတားအရှည် ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်း သွားတံတား၊ ဘိုးပိုင်အုတ်မြစ်၊ သံကူ ကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်း တံတားဖြစ်ပြီး တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ် ကြောင်း၊ ၂၀၁၉ ခုနှစ် မေလတွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင်တည်ဆောက်ခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

“ဒီတံတားပြီးသွားခဲ့ရင် ရန်ကုန်မြို့မှ ဧရာဝတီ တိုင်းဘက် ကို သွားပါက လမ်းကွန်ရက် တစ်ခု ထပ်ပေါက်သွားမှာဖြစ်ပါတယ်။ လွယ်လင့်တကူ ဒလ တံတားကြီးက နေ လာနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက်ခြမ်း ဒလဒေသ ကြီးက ဖွံ့ဖြိုးပြီး မြို့သစ်စီမံကိန်းတွေ လည်းဖွံ့ဖြိုးလာမှာပါ။ ၁၈၆၈ မီတာ၊  ပေအားဖြင့် ၆,၁၂၉ ပေ ရှိတယ်။’’ ဟုဦးကျော်ကောင်းချိုက ပြောသည်။

ဒလဘက်မှ ဗိုလ်မင်းရောင်လမ်း၊ ရန်ကုန်မြို့ဘက်မှ တာ့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း တစ်လျှောက် ချဉ်းကပ်တံတား ၂လမ်းသွားတစ်ခုစီရှိပြီး၊ ဒလဘက်မှ မြို့ထဲဘက်သို့ဆင်းမည်ဆိုပါက ကမ်းနားလမ်း နှင့် ၁၉လမ်း ထိပ်နား တွင် ဆင်ခြေလျောတံတားဆုံးမည်ဖြစ်ကြောင်း သိရသည်။ ဒလဘက် သို့ အတက် က ဘုန်းကြီးလမ်းတလျှောက် အဖြောင့်အတက် ရှိကြောင်း၊ အလုံ၊ ကြည့်မြင်တိုင်ဘက် မှ လာသည့်  ဆင်ခြေလျှောတံတား အတက်တစ်လမ်း ပါမည်ဖြစ်ကြောင်း သိရသည်။ ပင်မ တံတားကြီးအနေဖြင့် အသွား ၂ လမ်း၊ အပြန် ၂လမ်း နှင့်  ၄ လမ်းသွားတံတားဖြစ်ကြောင်း သိရသည်။

ယခု ရန်ကုန်-ဒလ မြစ်ကူးတံတားသည် အရှည်ဆုံးတံတားများထဲမှ တံတားတစ်စင်းဖြစ်ကြောင်း၊   တံတား၏ အမြင့်မှာ လည်း မီတာ ၇၀ ကျော် မြင့်သည့် အတွက် အလှပဆုံးတံတားတစ်စင်းဖြစ်လာမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့၏ အဓိက အမှတ်သားတစ်ခု အနေနှင့် မြင်တွေ့ရမည်ဖြစ်ကြောင်း ဦးကျော်ကောင်းချိုက ဆိုသည်။  (Xinhua)